spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံတည်ဆောက်မှု ကန့်ကွက်လက်မှတ်ရေးထိုး

    ရေးမြို့နယ်ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံတည်ဆောက်မှု ကန့်ကွက်လက်မှတ်ရေးထိုး

    -

    မွန်ပြည်နယ် တောင်ပိုင်း၊ ရေးမြို့နယ်၌ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ခြင်းကို သဘောမတူကြောင်း ကန့်ကွက်သည့် လက်မှတ်ထိုးလှုပ်ရှားမှုကို ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (YSS) က ဦးဆောင်ကာ

    သြဂုတ်လ ၂၃ ရက်နေ့တွင် စတင်လိုက်ပြီ ဖြစ်သည်။

    YSS ဦးဆောင်သူများသည် စီမံကိန်းအကောင်အထည်ဖော်မည့် ရေးမြို့နယ်၊ ဖာလိန်ဒေသသို့ ၆ ကြိမ်တိုင် သွားရောက်ခဲ့ပြီး ဖာလိန်ဒေသ ညီညွတ်ရေးအဖွဲ့မှ ဆရာတော်များ၊ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးကာ စတင်လိုက်ခြင်း ဖြစ်သည်။

    “ပြည်သူတွေ သဘောမတူရင် ဒီစီမံကိန်းကို မလုပ်ဘူးလို့ ပြည်နယ်ဝန်ကြီးချုပ်က နှုတ်နဲ့ ပြောထားတာ ရှိတယ်။ ဒါပေမဲ့ တရားဝင် ထုတ်ပြန်တာ မရှိသေးဘူး။ စိတ်ချရတဲ့အဆင့် မရောက်သေးတဲ့အတွက် ဒီလှုပ်ရှားမှုကို လုပ်ရတာ ဖြစ်တယ်” ဟု YSS အတွင်းရေးမှူး ကိုအောင်နိုင်ဝင်း က ပြောသည်။

    ကန့်ကွက်လက်မှတ်များကို စက်တင်ဘာလ နောက်ဆုံးထားကာ စက်ရုံ တည်ဆောက်မည့် ဖာလိန်ဒေသကို အဓိကထားပြီး ရေးမြို့နှင့် မြို့နယ်အတွင်းရှိ အခြားကျေးရွာများတွင်လည်း ကောက်ယူသွားမည်ဟု သူက ပြောသည်။

    ဖာလိန်ဒေသ ညီညွတ်ရေးအဖွဲ့မှ အရှင်နန္ဒ ကလည်း “ဦးဇင်းတို့အနေနဲ့ ဒီလိုကန့်ကွက်လက်မှတ်တွေ စုစည်းကောက်ယူတဲ့အပြင်၊ ဒေသထွက်ကုန် သီးနှံတွေကိုလည်း ဗီဒီယိုမှတ်တမ်းတွေ ရိုက်ကူးဖို့ စီစဉ်ထားပါတယ်” ဟု မိန့်သည်။

    ၎င်းအပြင် ငွေရှင်ကြေးရှင်များ၏ ဒေသတွင်း လာရောက်ရင်းနှီးလုပ်ကိုင်ရန်အတွက် မြေယာဝယ်ယူခြင်းနှင့် ပတ်သက်၍လည်း ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် စိစစ်ခွင့်ပြုကြရန် ဖာလိန်ဒေသ ညီညွတ်ရေးအဖွဲ့၏ သြဂုတ်လ ၂၃ ရက်နေ့ အစည်းအဝေးတွင် သဘောတူဆုံးဖြတ်ခဲ့ကြသည်။

    ကောက်ခံရရှိမည့် ကန့်ကွက်လက်မှတ်များကို နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မွန်ပြည်နယ် အစိုးရ၊ ပြည်နယ်အစိုးရအဖွဲ့ ရေးမြို့နယ် တာဝန်ခံ နိုင်လဝီအောင်နှင့် Toyo Thai ကုမ္ပဏီထံသို့ ပေးပို့သွားမည်ဟု ကိုအောင်နိုင်ဝင်း က ပြောသည်။

    ဖာလိန်ဒေသ ညီညွတ်ရေးအဖွဲ့ကို ၂၀၁၃ ခု နှစ်ကုန်ပိုင်းတွင် ဒေသအတွင်းရှိ ကျေးရွာပေါင်း ၈ ရွာမှ သံဃာတော်များက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ဒေသတွင်း စုစည်းညီညွတ်ရေးနှင့် ဖွံဖြိုးရေးအတွက် လစဉ်တွေ့ဆုံဆွေးကာ စက်ရုံစီမံကိန်းကို စုပေါင်းကန့်ကွက်ရန် မေလ ၂၇ ရက်ကတည်းက ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

    မြေဧရိယာ ၅၀ဝ ဧကခန့် ကျယ်ဝန်းပြီး အမေရိကန်ဒေါ်လာ သန်း ၂၇၀ဝ မြှပ်နှံကာ ၂၀၁၈ ခုနှစ်တွင် စတင်လည်ပတ်နိုင်ရန် စီစဉ်ထားသည့် Toyo Thai Group ကုမ္ပဏီ၏ မဂ္ဂါဝပ် ၁၂၈၀ ထုတ် ယင်းကျောက်မီးသွေးစက်ရုံကို ဆောက်လုပ်ရန် မွန်ပြည်နယ် အစိုးရက မူအားဖြင့် သဘောတူထားပြီး၊ ပဏာမလေ့လာဆန်းစစ်ခွင့် ပြုထားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts