မြန်မာသံရုံးတွင် မြန်မာနိုင်ငံသားစိစစ်ရန် ကိုယ်ရေးအချက် ၂၇ ချက်ပါရှိသော လျှောက်လွှာပုံစံကိုဖြည့်စွက်ရမည်ဟု အလုပ်သမားသံအရာရှိ ကိုသန်းနိုင်က ပြောသည်။
သူက “ထိုင်းအစိုးရထုတ်ပေးထားတဲ့ ထော်ရော် ၃၈/၁ က ခရိုင်တစ်ခုနဲ့တစ်ခု သွားလာခွင့်မရှိတဲ့အတွက် မြန်မာပတ်စပို့ သွားလုပ်တဲ့အခါ ခရီးသွားနိုင်ဖို့ ထုတ်ပေးတာပါ၊ ကျနော်တို့ မြန်မာသံရုံးဘက်ကတော့ အခမဲ့ပြုလုပ်ပေးတာဖြစ်တယ်၊ Passport ရှိပြီးသား အလုပ်သမားတွေ လုပ်ဖို့မလိုပါ ”ဟု ဆိုသည်။
မြန်မာသံရုံးကထုတ်ပေးသော အဆိုပါ Travel Document အထောက်အထားလက်မှတ်နှင့် ထိုင်းနိုင်ငံမှထုတ်ပေးထားသည့် ယာယီအလုပ်လုပ်ခွင့်လက်မှတ်တို့ကိုယူဆောင်၍ မြန်မာနိုင်ငံတွင် နိုင်ငံကူးလက်မှတ်(ပတ်စပို့) ပြုလုပ်ရမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ကြေညာထားသည်။
မြန်မာအလုပ်သမားအကူအညီပေးနေသူတစ်ဦးက “ ပြီးခဲ့တဲ့လပိုင်းက မြန်မာအလုပ်သမား ၄ သိန်းနီးပါးလောက် ထော်ရော် ၃၈/၁ လုပ်ပေးခဲ့ပြီးပြီ၊ အဲဒီ အလုပ်သမား ၄ သိန်းကို မြန်မာပြည်ပြန်ပြီး ပတ်စပို့လုပ်လို့ရအောင် သံရုံးက အခုလို ခရီးသွားလက်မှတ်ထုတ်ပေးတာဖြစ်တယ်”ဟု ပြောသည်။
သို့ရာတွင် ထိုင်းနိုင်ငံတွင် ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသောအလုပ်သမားများအနေဖြင့် ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်မည်ဟုဆိုသော်လည်း လက်မှတ်တွင်ဖေါ်ပြပါရှိသည့် အလုပ်ရှင်၊ အလုပ်အကိုင်အမျိုးအစားနှင့် အလုပ်ရုံတည်နေရာများ ကွဲလွဲနေပါက ဖမ်းဆီးခံရမည် ဆိုသည်။
ထိုင်းစစ်အစိုးရက ပြီးခဲ့သည့် ဇွန်လမှစတင်၍ ထော်ရော် ၃၈/၁ ခေါ် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်နှင့် ယာယီနေထိုင်ခွင့်လက်မှတ်များ ပြုလုပ်ပေးခဲ့ရာတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၇၅% မပြည့်သေးဟု အလုပ်သမားရေးလှုပ်ရှားသူများက ခန့်မှန်းထားသည်။
၁ နှစ်သက်တမ်းခွင့်ပြုသော ထော်ရော် ၃၈/၁ ယာယီနေထိုင်ခွင့်လက်မှတ်ကို တစ်နေရာတွင်နေချင်းအပြီး One Stop Service စနစ်ဖြင့် ၂၀၁၅ မတ်လအထိ ထိုင်းအစိုးရက ပြုလုပ်ပေးနေမည်ဟု ဆိုသည်။