spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းခိုင်မြဲသောငြိမ်းချမ်းရေး အရေးတကြီးလိုအပ်နေဟု မွန်ပြည်သစ်ပါတီထုတ်ပြန်

    ခိုင်မြဲသောငြိမ်းချမ်းရေး အရေးတကြီးလိုအပ်နေဟု မွန်ပြည်သစ်ပါတီထုတ်ပြန်

    -

    ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးရရှိရန် ဦးစွာပထမလိုအပ်နေသည်ဟု ယနေ့ဝါခေါင်လပြည့်(သြဂုတ်လ ၁၀ ရက်) နေ့တွင် ကျရောက်သော ၆၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့တွင် မွန်ပြည်သစ်ပါတီက ထုတ်ပြန်ကြေငြာလိုက်သည်။

    မွန်ပြည်သစ်ပါတီသည် အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့်ပြည်နယ်များကို အခြေခံ၍ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်အတွက် ပင်လုံစိတ်ဓါတ်၊ ပင်လုံမူကိုအခြေခံပြီး ပါဝင်သင့်ပါဝင်ထိုက်သည့်အဖွဲ့အစည်း ပုဂ္ဂိုလ်များအားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကျင်းပရန် လိုလားပါသည်ဟုလည်း မွန်၊ ဗမာ ၂ ဘာသာဖြင့် ကြေညာချက်တွင် ရေးသားဖေါ်ပြထားသည်။

    သို့ရာတွင် အာဏာရအစိုးရသည် အရပ်သားအစိုးရအသွင်ဆောင်နေသော်လည်း အနှစ်သာရအားဖြင့် စစ်အစိုးရ၏ ပုံစံလက္ခဏာများ ပေါ်လွင်နေပါကြောင်း၊ ပြေလည်မှုအတွက် အချိန်တခုယူရမည်မှန်သော်လည်း အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများသည် ကြာမြင့်သည်ထက် ပိုမိုရှည်ကြာနေပါက အတိတ်သင်ခန်းစာအရ သံသယကြီးမားလာကာ တိုင်းပြည်နစ်နာဖွယ်ရာ ရှိနိုင်သည်ဟု ထောက်ပြသည်။

    ထို့နောက် မြန်မာနိုင်ငံ၏ အရေးကြီးသော နိုင်ငံရေးအလှည့်အပြောင်းတွင် မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ မွန်ပြည်သူများနှင့်တကွ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး တွေဝေငေးငိုင်ခြင်း၊ ရေစုံလိုက်ခြင်းမရှိစေဘဲ အသိတရားကိုယ်စီ တာဝန်ကိုယ်စီဖြင့် ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းဆောင်ရွက်ကြပါစို့ဟု ၆၇ ကြိမ်မြောက်မြောက်တော်လှန်ရေးနေ့မှတဆင့် တိုက်တွန်းပါကြောင်း ကြေငြာချက်၏ နိဂုံးပိုင်းတွင် ဆက်လက်ဖေါ်ပြထားသည်။

    ၆၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားများကို မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်နှင့် လက်အောက်ခံတပ်ဖွဲ့များ အခြေစိုက်ရာ မော်လမြိုင်၊ ထားဝယ်၊ သထုံခရိုင်နယ်မြေများနှင့် ဘုရားသုံးဆူမြို့နယ် ဗလဲ့ဒွန်ဖိုက်ရွာတွင်လည်း စစ်ရေးပြအခမ်းအနားဖြင့် ကျင်းပခဲ့ရာတွင် အဆိုပါထုတ်ပြန်ကြေငြာချက်အပြင် မွန်ပြည်သစ်ပါတီဥက္ကဌ၏သဝဏ်လွှာ၊ မွန်ပြည်သစ်ပါတီလက်ထက် ကျဆုံးစစ်သည်များစာရင်းကိုလည်း ဖတ်ကြားခဲ့သည်ဟု သိရသည်။

    အလားတူ မုဒုံမြို့နယ်၊ ကျောက်တစ်လုံးဆရာတော်၏ ဝင်းစိန်တော်ရကျောင်းဝင်းအတွင်းရှိ မွန်အာဇာနည်ခေါင်းဆောင်များအုတ်ဂူရှေ့တွင်လည်း မွန်ရဟန်းပျိုအဖွဲ့နှင့် လူငယ်အင်အား ၁ ထောင်ကျော်စုဝေးကာ ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် မွန်တော်လှန်ရေးနေ့ အခမ်းအနားကျင်းပခဲ့သည်။

    အခမ်းအနားတွင် ကွယ်လွန်သူ မွန်ခေါင်းဆောင်များဖြစ်ကြသည့် နိုင်ဖိုးချို၊ နိုင်အောင်ထွန်း၊ နိုင်ရွှေကျင်၊ နိုင်နွန်လာ၊ နိုင်ဖိုးစိန်၊ နိုင်သိမ်းမောင်၊ နိုင်ထင်၊ နိုင်တလမွန်နှင့် နိုင်ရဿတို့၏ အထ္တုပတ္တိများကို ဖတ်ကြားခဲ့သည်ဟု အခမ်အနားတက်ရောက်သူများထံမှ သိရသည်။

    မွန်အမျိုးသားပါတီ MNP အနေဖြင့် ယနေ့ရက်စွဲဖြင့် မွန်ပြည်သစ်ပါတီဗဟိုသို့ ပေးပို့သော မွန်တော်လှန်ရေးနေ့သဝဏ်လွှာတွင် မွန်လူမျိုးရေးရာအဖွဲ့ချုပ်ဦးစီး၍ ဘားအံမြို့နယ်၊ ဇာသပြင်ရဲစခန်း လက်နက်များသိမ်းယူခဲ့သော ၁၃၁၀ ခုနှစ် ဝါခေါင်လပြည့်နေ့ကို မွန်တော်လှန်ရေးနေ့အဖြစ် ပြည်တွင်းပြည်ပနေရာအသီးသီးတွင် သတ်မှတ်ကျင်းပခဲ့သည်မှာ မွန်တို့၏အမျိုးသားရေးလုပ်ငန်း တရပ်ဖြစ်ကြောင်း ဖေါ်ပြပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts