spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့အနီး ရဲတံခွန်ရာဘာခြံပိုင်ရှင်များအား ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဆင့်ခေါ်ထား

    သံဖြူဇရပ်မြို့အနီး ရဲတံခွန်ရာဘာခြံပိုင်ရှင်များအား ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဆင့်ခေါ်ထား

    -

    ကရင်လက်နက်ကိုင်အဖွဲ့ကြေညာကပ်ထားပုံ(IMNA)
    ကရင်လက်နက်ကိုင်အဖွဲ့ကြေညာကပ်ထားပုံ(IMNA)
    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာဝန်းကျင်ရှိ ရာဘာခြံလုပ်ငန်းရှင်များအား ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဆင့်ခေါ်ထားသည်ဟု ခြံပိုင်ရှင်များက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    ၂၀၁၄ ဇူလိုင်လ (၂၂)ရက်နေ့နောက်ဆုံးထား ဆင့်ခေါ်ထားပြီး ခြံပိုင်ရှင်များမလာရောက်ပါက ခြံအတွင်းရှိ တဲအိမ်များအား မီးရှို့မည်ဟု ပြောဆိုထားသည့်အပြင် ရဲတံခွန်ကျေးရွာအနီးတဝိုက် (၂)နေရာတွင်လည်း စာကပ်ထားကြောင်း ခြံလုပ်ငန်းရှင် ကိုမျိုးက ပြောသည်။

    ပြီးခဲ့သည့် ဇူလိုင်လ (၁၈) ရက်နေ့တွင် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC မှ ဗိုလ်မှူးစိုးစိုး ဆိုသူနှင့် တပ်ဖွဲ့ဝင် (၁၅)ဦးတို့သည် ရာဘာခြံပိုင်ရှင် (၄၈) ဦးတို့အား ရဲတံခွန်ကျေးရွာရှိ ကိုပလုတ်တုတ်နေအိမ်သို့ ခြံမြေကိစ္စဆွေနွေးရန်ဆင့်ခေါ်ထားရာ ခြံလုပ်ငန်းရှင်တစ်ဦးတစ်ယောက်မျှ မလာရောက်ကြဟု ဆိုသည်။

    ရာဘာခြံပိုင်ရှင် ဒေါ်ဟဲက “ရာဘာအရမ်းဈေးကျနေတာ အလုပ်သမားခကို မနည်းပေးနေရတာ၊ ပြီးခဲ့သည့်နှစ်ကလည်း ဗိုလ်လက်ဝဲရဲ့ တပည့်တွေဖြစ်တဲ့ ကိုသားငယ်၊ ကိုပလုတ်တုတ် တို့က အခုစိုက်ထားတဲ့နေရာဟာ သူတို့ပိုင်တဲ့မြေပြောဆိုခြိမ်းခြောက်လာတော့ ကျွန်မတို့ကလည်း တစ်ဧကကို ငွေကျပ်တစ်သိန်းခွဲနုန်း ပေးလိုက်ရပြီးပြီ၊ ကျမလိုဘဲ ခြံရှင်တော်တော်များများ ပေးလိုက်ရတယ်၊” ဟု ပြောသည်။

    အဆိုပါရဲတံခွန်ရွာတဝိုက်ရှိ ရာဘာခြံပိုင်ရှင်အများစုမှာ မွန်တိုင်းရင်သားဖြစ်ကြသဖြင့် ဒေသရှိမွန်ပြည်သစ်ပါတီထံ အကူအညီတောင်းခံထားကြောင်း သိရသည်။

    မွန်ပြည်သစ်ပါတီ၊ သံဖြူဇရပ်မြို့နယ်တပ်မှူး ဗိုလ်ကြီးမျိုးသွေးက “ရဲတံခွန်တဝိုက်က ရာဘာခြံရှင်တွေကို ကူညီဖို့ ဒေသအခြေစိုက် KPF၊ DKBA ၊ ကရင်ဆရာတော်ဘုန်ကြီးတွေရဲ့ သဘောထားတွေမေမြန်းခဲ့တာ အခုလုပ်ရပ်ကို သူတို့လက်မခံနိုင်ဘူး၊ ဒါကြောင့် ကျနော်တို့ပါတီအနေနဲ့ ငြိမ်းချမ်းရေး မူဘောင်အတွင်းကနေ ဆက်ပြီး ညှိနိုင်းနေတယ်” ဟု မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    အဆိုပါရာဘာစိုက်ကွက်များသည် ၁၉၉၂/၉၃ ခုနှစ်ကာလတွင် KNU မှ မြန်မာအစိုးရထံ အလင်းဝင်လာသည့် ဗိုလ်လက်ဝဲနှင့် တပ်ဖွဲ့ဝင်များကို ယခင်စစ်ဗျူဟာမှူး သီဟသူရ သူရဗိုလ်မှူးကြီးစစ်မောင် လက်ထက်က ရဲတံခွန်စံပြကျေးရာတည်၍ နေအိမ်များဆောက်လုပ်ပေးခဲ့ပြီး မြေလွတ်မြေရိုင်း ဧက(၈၀ဝ)ကိုလည်း ဥပဒေအရ တစ်ဧကလျှင်ငွေ(၁၀ဝ)ကျပ်ဖြင့် နိုင်ငံတော်သို့ ငွေပေးသွင်းကာ လုပ်ပိုင်ခွင့်ချမှတ်ပေးထားခဲ့သည်။

    ထို့နောက် ၁၉၉၆ ခုနှစ်ဝန်းကျင်ခန့်တွင် မှုခင်းတစ်ခုဖြင့် ဗိုလ်လက်ဝဲ ထောင်ကျခဲ့ပြီးနောက် အဆိုပါမြေဧက(၈၀ဝ) ကို အမှတ်(၅)စစ်ထောက်လှမ်းရေးသိမ်းယူခဲ့ပြီး ဒေသခံများအား ပြန်လည်ရောင်းချခဲ့သည်ဟုဆိုသော်လည်း မြေစာရင်းဦးစီးဌာန၌ အမည်ပေါက်မှာ ဗိုလ်လက်ဝဲ ဖြစ်နေသည်ဟု သိရသည်။

    ၁၉၉၉ ခုနှစ်တွင် ဗိုလ်လက်ဝဲက မော်လမြိုင်ထောင်ဖေါက်ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ယခုအခါ ရဲတံခွန်ဒေသတဝိုက်တွင် နေထိုင်လျက်ရှိရာ အဆိုပါရာဘာခြံလုပ်ငန်းရှင်များအား တစ်ခုခုအကြောင်းပြကာ မကြာခဏငွေတောင်းယူလေ့ရှိခဲ့ကြောင်း ယခင်တိုင်ကြားချက်ဖြစ်စဉ်များအရ သိရသည်။

    အလားတူ ရဲတံခွန်ဒေသခံအချို့သည် မိမိဘိုးဘွာပိုင်ခြံများဟုပြောဆိုကာ လက်နက်ကိုင်အဖွဲ့ အစည်းအချို့အကူအညီဖြင့် လက်ရှိရာဘာခြံလုပ်ကိုင်သူများထံမှ ငွေကြေးအကြပ်ကိုင်တောင်းခံခြင်း၊ ခြိမ်းခြောက်ဖမ်းဆီးခဲ့ခြင်း စသည့်ဖြစ်ရပ်များဖြစ်ပေါ်ခဲ့ကြောင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA မှ မိတ္တူလက်ခံရရှိခဲ့သော ဖြစ်စဉ်မှတ်တမ်းများအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks