Homeသတင်းနေရပ်ပြန်ပို့မည့်အရေး ဒုက္ခသည်များ စိုးရိမ်နေကြ

နေရပ်ပြန်ပို့မည့်အရေး ဒုက္ခသည်များ စိုးရိမ်နေကြ

-

မယ်လဒုက္ခသည်စခန်း(Internet)
မယ်လဒုက္ခသည်စခန်း(Internet)
ထိုင်း-ထိုင်းနယ်မြေအတွင်းရှိ မြန်မာဒုက္ခသည်များကို ထိုင်းအာဏာပိုင်တို့နေရပ်ပြန်ပို့မည့် သတင်းများထွက်ပေါ်နေသည့်အတွက် စခန်းအတွင်းအခြေချနေထိုင်သည့် ဒုက္ခသည်များက စိုးရိမ်မကင်းဖြစ်နေကြောင်း သိရသည်။

လက်ရှိစခန်းအတွင်းနေထိုင်သည့် ဒုက္ခသည်များအား ဝင်ထွက်သွားလာခွင့် ပိတ်ပင်ထားပြီး စခန်းအတွင်းတွင်လည်း လုံခြုံရေးတင်းကြပ်ထားသည်ဟု မယ်လ ဒုက္ခသည်စခန်းနေ ကိုခွန်ဦးက ပြောသည်။

၎င်းက “အခုစခန်းထဲမှာနေတဲ့လူတွေ အပြင်ထွက်ခွင့်မပေးဘူး၊ ညပိုင်းသွားလာတာလဲမရဘူး၊ တချို့ ဒုက္ခသည်တွေ စားဝတ်နေရေး လုံလောက်ဖို့အတွက် အပြင်မှာထွက်အလုပ်လုပ်သူတွေကိုလဲ မပေး ထွက်ဘူး၊ လောလောဆယ် အဲ့ဒီလူတွေ အခက်အခဲနဲ့ကြုံနေရပြီ” ဟု ပြောသည်။

ထို့အပြင် လာမည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် ထိုင်းအစိုးရ အာဏာပိုင်တာဝန်ရှိသူတို့က စခန်းတွင်း ခိုလှုံနေသူ လူဦးရေစာရင်းကောက်ခံမှုနှင့် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု စခန်းဥက္ကဌ တာဝန်ရှိသူကပြောထားကြောင်း ကိုခွန်ဦးက ပြောသည်။

ဒုက္ခသည် လူဦးရေစာရင်း စစ်ဆေးရေးအစီအစဉ်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ တာဝန်ခံ၊ ထိုင်း-မြန်မာ နယ်စပ်အကူအညီပေးရေးအဖွဲ့ (TBC) တာဝန်ခံ၊ ထိုင်းအာဏာပိုင်များနှင့် ဒုက္ခသည် စခန်းအုပ်ချုပ်ရေးမှူးတို့ ပါဝင်သည်ဟု သိရသည်။

အလားတူ ကန်ချနပူရီခရိုင်အတွင်းရှိ ဘန့်ဒုန်ယန်းဒုက္ခသည်စခန်းတွင်လည်း လူဦးရေလာရောက် စစ်ဆေးရန်ရှိပြီး မည့်ကဲ့သို့စစ်ဆေးပြုလုပ်မည်ကို အသေအချာမသိရှိသေးသည်ဟု စခန်းနေကျောင်းဆရာ ကိုထွန်းလွင်က ပြောသည်။

ကိုထွန်းလွင်က“ဒီပြန်ပို့ဖို့မယ့် သတင်းတော့ကြားတယ်၊ ဒါပေမယ့် စခန်းတာဝန်ရှိသူတွေက ကျနော့်တို့ကို ဘာမှမပြောရသေးဘူး၊ တကယ်လို့ပြန်ပို့ဖြစ်ရင်လဲ လက်ရှိ အခြေချနေထိုင်ဖို့နေရာ ဘယ်မှာနေရမလဲ၊ စခန်းမှာ နေတဲ့ ဒုက္ခသည်တွေ မပြန်ချင်ကြဘူး၊ အတင်းပေးပြန်ခိုင်း ရင်တောင်မှဘယ်လိုပြန်ရမှာကို တွေးရင်းနဲ့ ရင်လေးနေတယ်” ဟု ပြောသည်။

ယခုလဆန်းပိုင်းတွင် မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းနိုင်ငံ ငြိမ်းချမ်းရေးနှင့် တရားမျှတရေး အမျိုးသားကောင်စီ အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရွတ်တို့ ထိုင်းနိုင်ငံ၌တွေ့ဆုံဆွေးနွေးအပြီး မြန်မာဒုက္ခသည်များပြန်ပို့မည်ကိစ္စကို ထုတ်ဖေါ်ပြောကြားခြင်း ဖြစ်သည်။

တွေ့ဆုံပွဲတွင် ဒုက္ခသည်များကို မြန်မာပြည်ပြန်နိုင်ရေး ချောမွေ့စေရန် ထိုင်း-မြန်မာနှစ်နိုင်ငံ အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး လူသားချင်း စာနာမှုဆိုင်ရာမှုတွေနှင့်အညီ မြန်မာ ပြည်ကို ဘေးကင်း လုံခြုံစွာ ပြန်နိုင်ရန် နှစ်နိုင်ငံသဘောတူ အသေအချာ ဆောင်ရွက်သွားမည်ဟု ဇူလိုင်လ ၁၁ ရက်နေ့က ထိုင်းတီဗွီ ရုပ်သံမိန့်ခွန်း တွင်ပြောကြားခဲ့သည်။

သို့ရာတွင် ဒုက္ခသည်များ နေရပ်ပြန်ပို့ရန် အဆင်သင့်မဖြစ်သေးကြောင်းနှင့် ပြန်ပို့ရန် အချိန်မကျသေးဟုလည်း ဒုက္ခသည်ကူညီပေးနေသည့်အဖွဲ့ TBC နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးတာဝန်ခံ တို့က ပြောဆိုနေကြသည်ကို သတင်းများတွင် ဖေါ်ပြကြသည်။

ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည် ၁ သိန်း ၄ သောင်း ကျော်ကို တစ်နှစ်အတွင်း နေရပ်ပြန်ပို့နိုင်ရန် စီစဉ်ထားသည်ဟု ထိုင်းသတင်းစာများတွင် ဖော်ပြ ပါရှိသည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျောက် ဒုက္ခသည်အားလုံးပေါင်း ၉ ခုရှိပြီး ဒုက္ခသည်အရေအတွက် ၁ သိန်း ကျော်ခန့်ရှိကြောင်း ဒုက္ခသည်ကူညီပေးရေးအဖွဲ့TBC က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts