spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားညှိနှိုင်းရေးအဖွဲ့နှင့် MNP သဘောတူညီလက်မှတ်ရေးထိုး

    မွန်အမျိုးသားညှိနှိုင်းရေးအဖွဲ့နှင့် MNP သဘောတူညီလက်မှတ်ရေးထိုး

    -

    10463861_316891571820143_6426529399303834601_nမင်းသုတ – မွန်သံဃာတော်များဦးစီးသည့် မွန်အမျိုးသားညှိနှိုင်းရေးအဖွဲ့နှင့် ဆွေးနွေး၍ ပါတီတည်ဆောက်ရေးလုပ်ငန်း အဆင့်ဆင့်ပြုလုပ်ပြီး ပါတီညီလာခံတစ်ရပ် ဆက်လက်ကျင်းပသွားရန် ယမန် (ဇူလိုင်လ ၈ ရက်) နေ့အစည်းအဝေးတစ်ရပ်တွင် မွန်အမျိုးသားပါတီ MNP တို့ အချက် ၄ ချက်ပါ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ ၂၅၀ဝ ဘုန်းတော်ကြီးကျောင်းတွင် လူထုအစည်းအဝေးတစ်ရပ်ကျင်းပခဲ့ရာ နှစ်ဖက်အသင်းအဖွဲ့ကိုယ်စား မွန်အမျိုးသားညှိနှိုင်းရေးအဖွဲ့ဥက္ကဌ ဆရာတော်မေဓါနန္ဒနှင့် မွန်အမျိုးသားပါတီ ဒုဥက္ကဌနိုင်တင်အောင်၊ အသိသက်သေများအဖြစ် မွန်ဒေသလုံးဆိုင်ရာ ရာမညဓမ္မာစရိယအသင်း ဒုဥက္ကဌ ဆရာတော်သီလာစာရနှင့် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ဝင် နိုင်ဝင်းလှတို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သဘောတူညီချက်စာမိတ္တူအရ သိရသည်။

    အဆိုပါသဘောတူချက်အရ မွန်အမျိုးသားပါတီ၏ပါတီဖွဲ့စည်းပုံတွင် နာယက၊အကြံပေးသူများ၏ လုပ်ငန်းတာဝန်နှင့် အရေအတွက်ကိုဖေါ်ပြရန်၊ မွန်သံဃာတော်နှင့်လူထုများအကြံပြုသည့် အလံ၊ Logo တံဆိပ်သစ်များ သတ်မှတ်သွားရန်၊ ဖြစ်ပေါ်လာသောအခက်အခဲများကို မွန်အမျိုးသားညှိနှိုင်းရေးအဖွဲ့နှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရန် စသည့်အချက်များပါဝင်နေသည်ကို တွေ့ရသည်။

    မွန်အမျိုးသားပါတီ တွဲဖက်အတွင်းရေးမှူး(၁) ဒေါက်တာမင်းကြည်ဝင်းက “လာမယ့်ဇန်နဝါရီလမှာ ပါတီညီလာခံလုပ်ဖို့စီစဉ်နေတယ်၊ ပါတီဖွဲ့စည်းပုံစည်းမျဉ်းဥပဒေကို အဲဒီညီလာခံမှာအတည်ပြုတဲ့အတိုင်း အလံ၊ ပါတီ Logo တံဆိပ်တွေအသစ်ပြောင်းလဲသွားမယ်၊ လောလောဆယ်မှာ ပါတီဆိုင်းဘုတ်သစ်တွေကိုပဲ ရုံးတွေမှာ လိုက်ပြောင်းနေတယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မွန်ဒီမိုကရေစီပါတီကို ၂၀၁၄ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် မွန်အမျိုးသားပါတီအဖြစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ပါတီအမည်ပြောင်းလဲခွင့်ပြုခဲ့ပြီးနောက် ဗဟိုဌာနချုပ်၊ မြို့နယ်ရုံးများနှင့် ကျေးရွာအဆင့်ရုံး ဆိုင်းဘုတ်အသစ်များပြောင်းလဲခဲ့သော်လည်း ပါတီ၏အလံ၊ Logo တံဆိပ်များ မပြောင်းလဲရသေးပေ။
    “ရပ်ကွက်ကျေးရွာ၊မြို့နယ်အဆင့်ဆင့် အစည်းအဝေးတွေပြုလုပ်ပြီးမှ ဗဟိုညီလာခံကို ကျင်းပမယ်၊ ခေါင်းဆောင်တွေရွေးချယ်မှုကလည်း အဲဒီကနေပဲ အဆင့်ဆင့်ရွေးချယ်သွားမယ်၊ ဒီတော့ ပါတီဝင်ဖြစ်ချင်တယ်ဆိုရင် အောက်ခြေအဆင့်က စပြီးဝင်ရပါမယ်” ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    ထို့အပြင် မွန်နိုင်ငံရေးနယ်ပယ်တွင် လူငယ်နှင့် အမျိုးသမီးများ ပိုမိုပါဝင်လာရေးအတွက် မွန်အမျိုးသားပါတီ ပြုစုပျိုးထောင်နေသည်ဟုလည်း သူကဆိုသည်။

    မွန်အမျိုးသားညှိနှိုင်းရေးအဖွဲ့ဆရာတော်များအနေဖြင့် လက်ရှိမွန်အမျိုးသားပါတီတွင် အသက်ကြီးရင့်သူ ခေါင်းဆောင်များအား ကျန်းမာရေးအရ နာယက၊ အကြံပေးအဖွဲ့တွင်သာ ပါဝင်ဆောင်ရွက်သွားရန်၊ ဗဟိုကော်မတီဝင်များတွင်လည်း လူငယ် ၂၅%၊ အမျိုးသမီး ၂၅% ပါဝင်စေရန် ဆန္ဒရှိကြသည်ဟု ညှိနှိုင်းရေးအဖွဲ့ ဒုဥက္ကဌ နန္ဒဝိုန်ဆရာတော် အသျှင်ခေမာနန္ဒက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ မိန့်ဆိုသည်။

    “မွန်အမျိုးသားပါတီဟာ မွန်တစ်မျိုးသားလုံးကိုယ်စားပြုနိုင်တဲ့ပါတီဖြစ်ဖို့၊ လူငယ်မျိုးဆက်သစ်နဲ့ အမျိုးသမီးတွေကိုလည်း လက်တွဲခေါ်ပြီး ခေါင်းဆောင်နေရာပေးနိုင်ရမယ်” ဟု အသျှင်ခေမာနန္ဒက ဆက်လက်မိန့်ဆိုသည်။

    မွန်အမျိုးသားပါတီတို့သည် ပြီးခဲ့သည့်ဇူလိုင်လ ၅ ရက်နေ့တွင် ကျင်းပခဲ့သော မော်လမြိုင်မြို့၊ အောက်ပဲခူးပရိယတ္တိစာသင်တိုက်၌ မွန်အမျိုးသားညှိနှိုင်းရေးအဖွဲ့နှင့် မွန်အမျိုးသားပါတီတို့၏ ပဏာမဆွေးနွေးချက်များအရ ယခုတဖန်အစည်းအဝေးပြုလုပ်ကာ သံဃာတော် ၈၅ ပါး၊ မွန်မျိုးချစ်ပုဂ္ဂိုလ် ၂၀ဝ ကျော် ရှေ့မှောက်သဘောတူညီချက်လက်မှတ်ထိုးခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks