spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်း“တရားမျှတမှု ခြေရာကောက်ခြင်း"အစီရင်ခံစာ HURFOM ထုတ်ပြန်

    “တရားမျှတမှု ခြေရာကောက်ခြင်း”အစီရင်ခံစာ HURFOM ထုတ်ပြန်

    -

    တရားမျှတမှု ခြေရာကောက်ခြင်း"အစီရင်ခံစာ(Copy)
    တရားမျှတမှု ခြေရာကောက်ခြင်း”အစီရင်ခံစာ(Copy)
    မင်းလုံး – စစ်မှန်သောဒီမိုကရေစီသို့ အောင်မြင်စွာကူးပြောင်းနိုင်ရန်အတွက် အတိတ်ကာလက လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံစားခဲ့ရသည့်ပြည်သူများ၏ လိုအပ်ချက်များကို အစိုးရကဖြည့် ဆည်းပေးသင့်ကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း(Human Right Foundation of Monland – HURFOM) မှ ဇူလိုင်လ ၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

    ထိုအစီရင်ခံစာအား “တရားမျှတမှုကို ခြေရာကောက်ခြင်း“ဟု အမည်ပေးထားပြီး အင်္ဂလိပ်ဘာသာဖြင့် စာမျက်နှာ ၉၀ ပါရှိရာ မြန်မာအစိုးရ၏ အတိတ်ကာလလူ့အခွင့်အရေးချိုးဖောက်မှုများအား အသေးစိတ်ဖေါ်ပြထားပြီး အစိုးရနှင့် ပြည်သူလူထုကြားရှိ ဆက်ဆံရေးကို မည်သို့ပြန်လည်တည်ဆောက်ရမည်ကိုလည်း အကြံပြုတင်ပြထားသည်။

    “ဖြစ်ပြီးခဲ့သမျှ အတိတ်ကာလက လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ လူတိုင်းကိုယ်စီမှာ စိတ်ဒဏ်ရာအဖြစ်သော်လည်းကောင်း၊ ကာယပိုင်းဆိုင်ရာအဖြစ် သော်လည်းကောင်း ထိခိုက်မှုများ ကျန်ရှိခဲ့ပါတယ်” ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)မှ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်စုဆောင်းရေး နှင့် သတင်းထုတ်ပြန်ရေးတာဝန်ခံ နိုင်အဲမွန်က ပြောသည်။

    အတိတ်ကာလလူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆက်စပ်၍ နစ်နာသူကာယကံရှင်များ၏ သဘောဆန္ဒများ နှင့် ၎င်းတို့ဖြစ်စေချင်သည့်အခြေအနေများကို အစိုးရတာဝန်ရှိသူများနှင့် အမှုမှန်ဖေါ်ထုတ်ရေးလုပ် ငန်းစဉ်များတွင် ပါဝင်လုပ်ဆောင်နေကြသည့်အဖွဲ့အစည်များအားလုံး ပိုမိုအာရုံစိုက်လာစေရန် ရည်ရွယ် ထုတ်ဝေရခြင်းဖြစ်ကြောင်း သူက ဆိုသည်။

    ယင်းအစီရင်ခံစာတွင် လူနည်းစုဒေသခံတိုင်းရင်းသားများအပေါ် ယခင်စစ်အစိုးရလက်ထက် ကျူးလွန်ခဲ့သောလူ့အခွင့်အရေးချိုးဖောက်မှုများအနက် မြေယာသိမ်းယူမှု၊ အဓမ္မလုပ်အားပေးခိုင်စေမှု၊ ရိုက်နှက်ညှဉ်းပန်းမှုများ၊ သတ်ဖြတ်မှု များ၊ အဓမ္မပြုကျင့်မှုများနှင့် လိင်ပိုင်းဆိုင်ရာစော်ကားမှုများတို့ ပါဝင်ကြောင်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

    ဘုရားသုံးဆူနယ်စပ်ရောက် မင်းသိန်းထွန်းက “အသိမ်းခံလိုက်ရတဲ့ ကျနော်တို့ရာဘာခြံအတွက် လျော်ကြေးလိုချင်တာပေါ့ဗျာ၊ ခြံလည်းအသိမ်းခံရ အရင်းအနှီးလည်းမရှိတော့ မိသားစုတစ်ခုလုံး နယ်စပ်မှာပဲ ဖြစ်သလိုအခြေချလိုက်တယ်” ဟု ပြောသည်။

    မိသားစုဝင် ၄ ဦးရှိသော မင်းသိန်းထွန်း(၃၉) နှစ်သည် ရေးမြို့နယ်၊ ကျောင်းရွာဇာတိဖြစ်ပြီး မြန်မာစစ်တပ် ခမရ ၅၉၁ နှင့် ၅၈၃ တပ်ရင်းများ အခြေစိုက်ရန် ဒေသခံများ၏ ခြံမြေ ဧက ၄၀ဝ ကျော် ၂၀ဝ၀ ခုနှစ်တွင် သိမ်းဆည်းခဲ့ရာ ၄င်း၏ရာဘာခြံ ၁၀ ဧကကျော်အတွက် လျော်ကြေးလုံးဝမရခဲ့ဟု ဆိုသည်။

    အဆိုင်ပါ မင်းသိန်းထွန်းတို့မိသားစုသည် အလုပ်အကိုင်နှင့် ငွေအရင်းအနှီးမရှိဘဝပျက်သွားသဖြင့် မိမိဇာတိကိုစွန့်ခွာပြီး ဘုရားသုံးဆူနယ်စပ်သို့ ပြောင်းရွှေ့နေထိုင်ရခြင်း ဖြစ်သည်။

    မွန်ပြည်သစ်ပါတီနှင့် နဝတစစ်အစိုးရ ၁၉၉၅ ခုနှစ်အပစ်ရပ်စဲပြီးနောက်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်တောင်ပိုင်းနှင့် တနင်္သာရီမြောက်ပိုင်းဒေသများတွင် မြေယာသိမ်း ဆည်းမှုပိုမိုများပြားလာသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၁၅ နှစ်အကြာခန့် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM မှ မှတ်တမ်းများပြုလုပ်ထားပြီးကြောင်း၊ ထို ၁၅ နှစ်အတွင်းချိုးဖောက်မှုပေါင်း ၂၀ဝ၀ ကျော်ခန့်ရှိခဲ့ကြောင်း၊ နိုင်အဲမွန်က ဆက်ပြောသည်။

    ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အရေးကြီးဆုံးအချက်(၃) ချက်မှာ ယုံကြည်မှုတည်ဆောက်ရေး၊ အမျိုး သားပြန်လည်ရင်ကြားစေ့ရေးနှင့် တရာမျှတမှုဆိုင်ရာအသွင်ကူးပြောင်းရေးတို့ဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် ထိုအချက် (၃)ချက်ကိုဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း ထိုသို့လုပ်ဆောင်ရန်အတွက်သင့်လျှော်သော အကောင်အထည်ဖေါ်မှုနည်းလမ်းများကို အစိုးရဘက်က စတင်ရမည်ဖြစ်သည်ကြောင်း HURFOM ၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

    ၁၉၉၅ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သော မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM သည် ထိုင်းနိုင်ငံအခြေစိုက် အစိုးရမဟုတ်သောအဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသအတွင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်မှုကို သတင်းများ၊ အစီရင်ခံစာများနှင့် သုံးသပ်ချက်များကို ထုတ်ပြန်လျက်ရှိ သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts