Homeသတင်းကုလားကုတ်ကျွန်းကို စစ်တပ် အပြီးအပိုင်သိမ်းယူခဲ့ဟု ကာကွယ်ရေးဝန်ကြီးဌာနဝန်ခံ

ကုလားကုတ်ကျွန်းကို စစ်တပ် အပြီးအပိုင်သိမ်းယူခဲ့ဟု ကာကွယ်ရေးဝန်ကြီးဌာနဝန်ခံ

-

ခတ္တာနန်း – မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲရှိ ကုလားကုတ်ကျွန်းကို မောရဝတီရေတပ်စခန်းက ၂၀ဝ၁ ခုနှစ်ကသိမ်းယူခဲ့ပြီး လုံးဝအပြီးအပိုင် ပြန်လည်ပေးအပ်ရန် အစီအစဉ်မရှိကြောင်း ဇွန်လ ၂၄ ရက်နေ့ ပြည်သူလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ဝန်ခံဖြေကြားခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ကျော်ညွန့်က “လက်ရှိအချိန်တွင် တပ်နေရာချထားခြင်းများမရှိဘဲ မူလနေထိုင်သူများကိုသာ ဆက်လက်လုပ်ကိုင် နေထိုင်စေလျက် အနာဂတ်ကာလတွင်လိုအပ်ပါက အသုံးပိုနိုင်ရန်အတွက်လည်း ရည်စူးဆောင်ရွက်လျက်ရှိပြီး လုံးဝအပြီးအပိုင် ပြန်လည်ပေးအပ်ရန် အစီအစဉ်မရှိပါကြောင်း” ဟု ပြည်သူ့လွှတ်တော် ဝဘ်ဆိုက်တွင် ဖေါ်ပြထားသည်။

မောရဝတီရေတပ်စခန်း ဌာနချုပ်ပိုင် ကုလားကုတ်ကျွန်းမြေ ၃၅၂၅ ဧကကို တပ်ပိုင်မြေအဖြစ် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးမဟာဗျူဟာအရ လိုအပ်ချက်ရှိသောအခါ ဒေသန္တရဈေးနှုန်းဖြင့် လျော်ကြေးငွေပေးချေ၍ ဖယ်ရှားမည်ဟု သူကဆိုသည်။

ရေးမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် မိမြင့်သန်းက “ကုလားကုတ်ကျွန်းကို မောရဝတ႘ ရေတပ်စခန်းက ၁၉၉၆ ခုနှစ် နောက်ပိုင်းမှာ ပိုင်ရှင်တွေကို လျှော်ကြေးငွေမပေးပဲ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းပြီး သိမ်းထားတယ်၊ ဒီမြေတွေကိုလည်း တစ်ခြားတပ်ပိုင်မြေလိုပဲ ပိုင်ရှင်ထံပြန်ပေးဖို့ အစီအစဉ် ရှိမရှိ” ဟု ပြည်သူ့လွှတ်တော်တွင် မြေမြန်းခဲ့သည်။

မိမြင့်သန်းက နိုင်ငံအတွင်း နေရာအနှံ့အပြားနှင့် လွှတ်တော်အသီးသီးတွင် သိမ်းဆည်းခံထားရသည့် မြေများ ပြန်လည်ရရှိရေး နှင့်ပတ်သက်ပြီး နည်းမျိုးစုံတောင်းဆိုမှုများ အပေါ် တပ်များ အနေဖြင့် အမှန်တကယ် လိုအပ်သည့် မြေဧရိယာအကျယ်အဝန်းကိုသာရယူပြီး ကျန်မြေပိုများကို မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရေး ဆောင်ရွက်သွားရန်ဆိုသည့် လမ်းညွှန်ချက်အပေါ် မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရန်အစီအစဉ် ရှိ/မရှိကို သိလိုပါကြောင်းဟု မေးမြန်းခဲ့ခြင်းသည်။

အဆိုပါမေးမြန်းချက်အပေါ် “ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် ၂-၅-၂၀ဝ၁ ခုနှစ်၊ စာအမှတ်၊ ၂၀ဝ/၂-၄/ဦး ၁ ဖြင့် မြေဧကရိယာ ၁၃၆၃.၂၂ ဧကနှင့် ၂-၅-၂၀ဝ၁ ခုနှစ်၊ ရက်စွဲပါစာအမှတ်၊ ၂၀ဝ/၂-၅/ ဦး ၁ ဖြင့် မြေဧရိယာ ၂၁၆၂.၇၈ ဧကဖြစ်ပြီး စုစုပေါင်း ၃၅၂၅ ဧကကို မောရဝတီရေတပ် စခန်းဌာနချုပ်ပိုင် တပ်ပိုင်မြေအဖြစ် အခမဲ့လွှဲပြောင်းပေးအပ်ခဲ့သည်” ဟု ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် မောရဝတီရေတပ် စခန်း၏ တပ်ပိုင်မြေအဖြစ် ကုလားကုတ်ကျွန်းမြေ ၃၅၂၅ ဧက သိမ်းဆည်းရာ ကျွန်းပေါ်ရှိ မြေပိုင်ရှင် ၉၂၀ ဦးမှလည်း သဘောတူညီကြောင်း၊ ရေးမြို့နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၊ မြေစာရင်း ဦးစီးဌာနမှူး တို့၏ရှေ့တွင် ၎င်းတို့သဘောဆန္ဒအတိုင်း လက်မှတ်ရေးထိုးခဲ့သည်ဟု သူကဆက်ပြောသည်။

အဆိုပါမြေပိုင်ရှင်များ သဘောတူညီလက်မှတ်ရေးထိုးခဲ့စဉ်တွင် မိမိတို့ဘိုးဘွားပိုင်မြေများအား စစ်တပ်ကို အခမဲ့လှူဒါန်းပေးအပ်ခဲ့ခြင်းမဟုတ်ကြောင်း၊ မိမိပိုင်အိမ်ခြံမြေများ မြေဂရမ်လျှောက်ထားရန်အတွက် လက်မှတ်ရေးထိုးခဲ့ခြင်းသာဖြစ်ကြောင်း ကုလားဂုတ်ကျွန်း အလယ်ဆိပ်နေ နိုင်အောင်က လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ပြောသည်။

နိုင်အောင်က “၁၉၉၆ ခုနှစ်မှာ အလယ်ဆိပ်နဲ့အောက်ဆိပ်ကြားကို အမြောက်တပ်အခြေစိုက်ဖို့ရောက်လာပြီး မြေဧက ၂၀ဝ ကျော် အတင်းသိမ်းယူခဲ့တာ ဘာလျော်ကြေးမှမပေးဘူး၊ နောက်ပိုင်းမှာ ကျေးရွာဥက္ကဌကနေ ရွာသားတွေကို လက်မှတ်ထိုးခိုင်းတယ်၊ ရွာသားတွေအတွက် မြေဂရမ်လျောက်ဖို့လို့ ပြောခဲ့တယ်” ဟု ဆိုသည်။

လက်ရှိတွင် ကုလားကုတ်ကျေးရွာအုပ်စုအတွင်းရှိ အောက်ဆိပ်ကျေးရွာ၊ အလယ်ဆိပ်ကျေးရွာနှင့် အပေါ်ဆိပ်ကျေးရွာရှိ အိမ်ခြေ ၆၃၄ အိမ်၊ အိမ်ထောင်စု ၆၆၀ စု၊ လူဦးရေ ၄၁၇၅ ဦးနေထိုင်လျက်ရှိပြီး ရေလုပ်ငန်းနှင့် လယ်ယာခြံမြေ စိုက်ပျိုးခြင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ ၁၉၉၅ ခုနှစ် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ပြုလုပ်ပြီးနောက်ပိုင်းတွင် ရေးမြို့နယ်အတွင်း အစိုးရ၏ ခြေမြန်တပ်ရင်း ၁၀ ရင်း၊ အမြောက်တပ်ရင်း ၁၀ ရင်းထက်မက ရေးမြို့နယ်အတွင်း ဝင်ရောက်အခြေစိုက်ခဲ့ရာတွင် ဒေသခံတို့၏ လယ်ယာ၊ ဥယျာဉ်၊ ခြံမြေဧက တစ်သောင်းကျော်သိမ်းယူခဲ့သည့်အတွက် ထိုက်သင့်သော လျှော်ကြေးများပေးဆောင်ရန် မွန်ပြည်သစ်ပါတီက သက်ဆိုင်ရာနိုင်ငံတော်အကြီးအကဲများထံ တောင်းဆိုတင်ပြခဲ့သော်လည်း အကြောင်းမထူးဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts