spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံအား ပြည်ထောင်စုအစိုးရထံ MNP ကန့်ကွက်မည်

    ရေးမြို့နယ် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံအား ပြည်ထောင်စုအစိုးရထံ MNP ကန့်ကွက်မည်

    -

    MNP နှင့် 88 မျိုးစက်ကျောင်းသားများ အံဒင်ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိစဉ်(Ye Tawin)
    MNP နှင့် 88 မျိုးစက်ကျောင်းသားများ အံဒင်ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိစဉ်(Ye Tawin)
    ခတ္တာနန်း – ရေးမြို့နယ်၊ အံဒင်ရွာအနီး Toyo Thai ကုမ္ပဏီတည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံအား ပြည်ထောင်စုအစိုးရထံ မွန်အမျိုးသားပါတီMNP ကန့်ကွက်သွားမည်ဟု မွန်အမျိုးသားပါတီဒုဥက္ကဌ နိုင်တင်အောင်က IMNA သို့ ပြောသည်။

    နိုင်တင်အောင်က “ ဒီနေရာမှာ စက်ရုံဆောက်တာကို ကျနော်တို့ ပါတီလက်မခံပါဘူး၊ ဒေသခံပြည်သူတွေရဲ့ဆန္ဒနဲ့ တစ်ထပ်ထည်းပါပဲ၊ ကျနော်တို့ပါတီက နေပြည်တော်အထိ ကန့်ကွက်စာတင်မယ်” ဟု ဆိုသည်။

    ဒေသတွင်း ယင်းကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတည်ဆောက်ခြင်းအားဖြင့် ဒေသခံပြည်သူများအတွက် အကျိုးတစ်စုံတရာရှိမည်မဟုတ်သည့်အပြင် ဆိုးကျိုးများသာခံစားရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် လူနည်းစုအတွက်သာလျှင် အကျိုးရှိနိုင်ကြောင်း၊ ထိုကြောင့် မိမိတို့ မွန်အမျိုးသားပါတီ ထိရောက်စွာကန့်ကွက်နိုင်မည့် နည်းလမ်းများရှာဖွေနေကြောင်း နိုင်တင်အောင်က ဆက်ပြောသည်။

    ဇွန်လ ၂၅ ရက်နေ့တွင် မွန်အမျိုးသားပါတီ MNP၊ ကိုဌေးကြွယ်နှင့်၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း၊ EITI အဖွဲ့တို့က အံဒင်ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတည်နေရာ သွားရောက်ခဲ့ပြီးနောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်စဉ်တွင် အလားတူပြောကြားခဲ့ကြောင်း ရေးမြို့လူမှုအကျိုးဆောင်အဖွဲ့ YSS အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ပြောသည်။

    “ဒီစက်ရုံနဲ့ပတ်သက်တဲ့ ကန့်ကွက်မှုတွေကို ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့အတွက်ကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းအနေနဲ့ တာဝန်ယူ လုပ်ဆောင်ပေးဖို့အတွက် စီစဉ်ပေးမယ်လို့ ကိုဌေးကြွယ်က ပြောခဲ့တယ်” ဦးအောင်နိုင်ဝင်းက ဆက်ပြောသည်။

    ထို့အပြင် ရေးမြို့နယ်၊ လွှတ်တော်အမတ်နှင့် အစိုးရအဖွဲ့ဝင်အချို့တို့သည် ယင်းစက်ရုံစီမံကိန်းဖြစ်မြောက်ရေးအတွက် ကုမ္ပဏီဘက်က အားပေးအားမြှောက် ပါဝင်အာမခံပေးနေကြောင်း သူကဆက်ပြောသည်။

    အလားတူ အဆိုပါကျောက်မီးသွေးသုံးလျပ်စစ်စက်ရုံကိစ္စအား ချောင်းဆုံမြို့နယ်၊ ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦးက ပြီးခဲ့သည့်သီတင်းပတ်၌ ဒေသခံမျာနှင့် သွားရောက်တွေ့ဆုံမေးမြန်းစုံစမ်းခဲ့ပြီး ဖြစ်သည်။

    ဒေါက်တာအောင်နိုင်ဦးက “ဒေသခံပြည်သူလူထုအများစုကတော့ အစောပိုင်းမှာဒီစက်ရုံရဲ့ သဘော သဘာဝကို ကောင်းကောင်းမသိထားတဲ့အတွက် လက်ခံကြပါတယ်၊ နောက်ပိုင်းမှာ ပညာရှင်များနဲ့၊ လူမှုအဖွဲ့အစည်းများရဲ့ အသိပညာပေးအစီအစဉ်များကြောင့် ထိတ်လန့်တုန်လှုပ်များ ဖြစ်ခဲ့ကြပါတယ်။ အဲဒီအပြင် မမြင်ကွယ်ရာမှာ ဖိအားပေးစေ့ဆော်မှုများကြောင့်လည်း ရွာသူရွာများအကြား အကြောက်တရားပိုမိုခဲ့ကြပါတယ်” ဟု သူ၏လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာတွင် မှတ်ချက်ရေးသားထားသည်။

    အဆိုပါစက်ရုံမှထွက်ရှိမည့်လျှပ်စစ်ဓါတ်အား ၁၂၈၀ မီဂ္ဂါဝပ်ကို ပြည်ပသို့ရောင်ချသွားမည်မဟုတ်ကြောင်း Toyo Thai ကုမ္ပဏီတာဝန်ခံတစ်ဦးက IMNA သို့ ပြောကြားခဲ့သည်။

    Toyo Thai ကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၇၀ဝ ကျော် အကုန်အကျခံတည်ဆောက်မည့် အံဒင်ကျောက်မီးသွေးဓါတ်အားပေးစက်ရုံစီမံကိန်းအား ၂၀၁၈ ခုနှစ်တွင် လုပ်ငန်းစတင်လည်ပတ်နိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks