spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းသြဂုတ်လတွင် တစ်နိုင်ငံလုံး အပစ်ရပ်စဲလက်မှတ်ရေးထိုးရန် မဖြစ်နိုင်သေးဟု နိုင်ဟံသာပြော

    သြဂုတ်လတွင် တစ်နိုင်ငံလုံး အပစ်ရပ်စဲလက်မှတ်ရေးထိုးရန် မဖြစ်နိုင်သေးဟု နိုင်ဟံသာပြော

    -

     နိုင်ဟံသာအား အင်တာဗျူးနေစဉ်(IMNA)
    နိုင်ဟံသာအား အင်တာဗျူးနေစဉ်(IMNA)
    မင်းသုတ – ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့၏ ဆွေးနွေးပွဲရလာဒ်များအရ လာမည့် သြဂုတ်လတွင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်လက်မှတ်ရေးထိုးရန် မဖြစ်နိုင်သေးဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA နှင့်အင်တာဗျူးတွေ့ဆုံခဲ့စဉ် NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

    လာမည့် သြဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်လက်မှတ်ရေးထိုးနိုင်မည်ဆိုသော မြန်မာအစိုးရပြောကြားချက်များမှာ တစ်ဖက်သတ်ဝါဒဖြန့်ပြောဆိုချက်များသာ ဖြစ်သည်ဟု သူကဆိုသည်။

    နိုင်ဟံသာက “နှစ်ဖက်သဘောတူစာချုပ်မူကြမ်း (Single Text Draft) မှာ အဓိကကျတဲ့အချက်တွေကို ညှိနှိုင်းလို့မရသေးပါဘူး၊ ဖက်ဒရယ်ဆိုတဲ့စကားရပ်တွေ ကိုလည်း အစိုးရဘက်က လက်မခံသေးဘူး၊ လက်မှတ်ရေးထိုးပြီး ရှေ့ဆက်လက်အကောင်အထည်ဖော်သွားရမယ့် လုပ်ငန်းစဉ်တွေကိုလည်း သဘောတူညီမှုမရသေးပါဘူး” ဟု ပြောသည်။

    ပြီးခဲ့သည့်ဆွေးနွေးပွဲများတွင် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ဆိုသည့်အချက်များအား အစိုးရကိုယ်စားလှယ်များ လက်မခံဟု ဆိုသည်။

    “အပေါ်ယံအနေနဲ့ကြည့်မယ်ဆိုရင် တိုင်းရင်းသားအားလုံးတန်းတူရေးကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြမယ်၊ ဒါကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာအရေးကြီးတယ်၊ ပြည်တွင်းငြိမ်းချမ်းရေးကို မဖြစ်မနေတည်ဆောက်မှဖြစ်မယ်ဆိုပြီး သမ္မတနဲ့ လွှတ်တော်တို့ဘက်က အသံတွေထွက်လာနေတယ်၊ ဒါပေမယ့် တကယ်တမ်းဆွေးနွေးကြတဲ့အခါ စစ်တပ်ကိုယ်စားလှယ်တွေက ဒါတွေကိုလက်မခံပါဘူး” ဟု နိုင်ဟံသာက ပြောသည်။

    ယခင်အစိုးရကိုယ်စားလှယ်နှင့် UNFC တို့စတင်ဆွေးနွေးစဉ်ကာလများ၌ နှစ်ဖက်အမြင်များအလွန်နီးစပ်ခဲ့သော်လည်း NCCT ဖွဲ့စည်းပြီးနောက်ပိုင်း UPWC တွင် ပါဝင်သောစစ်တပ်အကြီးအကဲများ၏သဘောထားရပ်တည်ချက်များ ယခင်ကဲ့သို့တင်းမာနေသည်ဟုလည်း သူကဆိုသည်။

    ယခုလဆန်းပိုင်းတွင် သမ္မတနှင့်ကာချုပ်တို့အား KNU ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်သို့ သွားရောက်တွေ့ဆုံခဲ့ကြစဉ် သုံးလအတွင်း နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်လက်မှတ်ရေးထိုးရေးကိစ္စ သဘောတူကြမည် ပြောကြားခဲ့ကြောင်းဟု သတင်းမီဒီယာများတွင် ဖေါ်ပြကြသည်။

    မကြာခင်ရက်ပိုင်းအတွင်း NCCT ၏ နှစ်ဖက်သဘောတူစာချုပ်မူကြမ်း (Single Text Draft) ကိုသုံးသပ်ရန် UNFC အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်များ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ထိပ်သိီးဆွေးနွေးပွဲတစ်ရပ်ကျင်းပမည်ဟု သိရသည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲနိုင်ရေးအတွက် သဘောတူစာချုပ်မူကြမ်း (Single Text Draft) ဒုတိယအကြိမ်ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၄ခုနှစ်၊ မေလ(၂၁)ရက်နေ့မှ(၂၃) ရက်နေ့ထိ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) ၌ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။

    သဘောတူစာချုပ်မူကြမ်း (Single Text Draft) တတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို ယခုဇွန်လအတွင်း ရန်ကုန်မြို့ ၊ရွှေလီလမ်း၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)၌ ထပ်မံတွေ့ဆုံညှိနှိုင်း ကြရန် နှစ်ဖက်သဘောတူကြသည်ဟု UPWC နှင့် NCCT ပူးတွဲထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts