spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားပါတီဗဟိုဌာနချုပ် ဆိုင်းဘုတ်သစ်တင်ပြီ

    မွန်အမျိုးသားပါတီဗဟိုဌာနချုပ် ဆိုင်းဘုတ်သစ်တင်ပြီ

    -

    ခတ္တာနန်း – မွန်ဒီမိုကရေစီပါတီမှ မွန်အမျိုးသားပါတီ Mon National Party သို့ အမည်ပြောင်းလဲခွင့်ရရှိပြီးနောက် ယမန်နေ့(မေလ ၁၈) ရက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ ဗဟိုဌာနချုပ်အဆောက်အအုံ၌ဆိုင်းဘုတ်သစ်တင်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။

    မွန်အမျိုးသားပါတီ ဗဟိုလုပ်ငန်းကော်မတီ(ယာယီ)ဝင် နိုင်စိုးမြင့်က “ဗဟိုရုံးဆိုင်းဘုတ်တင်တယ်၊ ဒါ့အပြင် ကော့ကရိတ်မြို့နယ်၊ ဖားအံမြို့နယ်၊ မုဒုံမြို့နယ်၊ ပေါင်မြို့နယ် ဘက်တွေမှာလည်း ဒီလအတွင်းမှပဲ မွန်အမျိုးသားပါတီဆိုင်းဘုတ်သစ်တွေ တင်ပြီးပြီ၊ ကျန်တဲ့မြို့နယ်ကျေးရွာတွေမှာလည်း အလားတူလုပ်ဆောင်သွားမှာပါ” ဟု ဆိုသည်။

    အဆိုပါ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ အမှတ် (၁၈၁)၊ ရာဇာဓိရာဇ်လမ်းရှိ မွန်အမျိုးသားပါတီ ဗဟိုဌာနချုပ်ရုံး ဆိုင်းဘုတ်သစ်တင်ပွဲသို့ အခြားနိုင်ငံရေးပါတီများမှဧည်သည်တော်များနှင့်အတူ ပါတီဝင်များ စုစုပေါင်းအင်အား ၅၀ဝ ဦးခန့် တက်ရောက်ကြောင်း သိရသည်။

    နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မွန်ဒီမိုကရေစီပါတီကို ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် မွန်အမျိုးသားပါတီအဖြစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ပါတီအမည်ပြောင်းလဲခွင့်ပြုခဲ့ပြီးနောက် ဗဟိုဌာနချုပ်၊ မြို့နယ်ရုံးများနှင့် ကျေးရွာအဆင့်ရုံးများကို ဆိုင်ဘုတ်သစ်ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

    ဆိုင်းဘုတ်သစ်တင်အခမ်းအနားသို့ မိန့်ခွန်းတက်ရောက်ပြောကြားသူ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ ဌာနတာဝန်ခံနိုင်တလညီက မိမိတို့ပါတီမွန်ပြည်သစ်အနေဖြင့်လည်း မွန်တစ်မျိုးသားလုံးညီညွတ်ရေးအတွက် မွန် ၂ ပါတီပေါင်းစည်းနိုင်ရေး ကြိုးစားလျှက်ရှိကြောင်း၊ မွန်နိုင်ငံရေးပါတီဖြစ်သည့် မွန်အမျိုးသားပါတီကို အသိမှတ်ပြုပြီး လုပ်ငန်းများ ပူပေါင်းလုပ်ဆောင်သွားမည်ဟု ဆိုသည်။
    သို့ရာတွင် မွန်အမျိုးသားပါတီသည် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီပါတီ ၂ ပါတီပေါင်းစည်းထားခြင်းမဟုတ်ကြောင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ၏ ဧပြီလ ၂၇ ရက်နေ့ထုတ်ပြန်ချက်၌ အတိအလင်းဖေါ်ပြထားသည်။

    မွန်အမျိုးသားပါတီဥက္ကဌများတွင် နိုင်ငွေသိမ်း၊ နိုင်ငွေသိန်း(AMDP-ဥက္ကဌဟောင်း)၊ နိုင်သက်လွင်၊ နိုင်တင်အောင်တို့ တာဝန်ယူနေသော်လည်း နိုင်ငွေသိမ်းနှင့် နိုင်သက်လွင်တို့သည် ကျန်းမာရေးအခြေအနေကြောင့် လက်ရှိကာလတွင် ပါတီလုပ်ငန်းများဆောင်ရွက်နိုင်ခြင်းမရှိပေ။

    လွန်ခဲ့သည့် ဧပြီလ ၂၇ ရက်နေ့ မွန်အမျိုးသားပါတီဗဟိုအလုပ်မှုဆောင် ပုံမှန်အစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီလုပ်ငန်း လျှင်မြန်ချော်မွေ့စေရန်အတွက် ရည်ရွယ်၍ ဗဟိုလုပ်ငန်းကော်မတီ (ယာယီ) ၁၅ ဦးဖွဲ့စည်းခဲ့ရာတွင် နိုင်ငွေသိန်း၊ နိုင်တင်အောင်တို့က လက်ရှိဦးဆောင်လျက်ရှိသည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF ကို ၁၉၈၈ တွင်စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီ၊ ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားပါတီအဖြစ် အမည်ပြောင်းလဲခဲ့သည်ကို မှတ်တမ်းများအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks