spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်နှင့် မွန်နိုင်ငံရေးပါတီတို့ တွေ့ဆုံ ဆွေးနွေး

    မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်နှင့် မွန်နိုင်ငံရေးပါတီတို့ တွေ့ဆုံ ဆွေးနွေး

    -

    ဗြိတိသျှသံအမတ်နှင့် MNP တို့တွေ့ဆုံကြစဉ်(Min Latt Facebook)
    ဗြိတိသျှသံအမတ်နှင့် MNP တို့တွေ့ဆုံကြစဉ်(Min Latt Facebook)
    မင်းလုံး – မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ် အန်ရူးပက်ထရစ် ဦးဆောင်သည့်အဖွဲ့တို့သည် မွန်ပြည်သစ်ပါတီ NMSP၊ မွန်အမျိုးသားပါတီ MNP၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ကိုယ်စားလှယ်များနှင့် မော်လမြိုင် ကမ်းနာလမ်းဟိုတယ်(Stand Hotel) ၌ ယနေ့(မေလ ၆ ရက်) တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

    ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် အခြခံဥပဒေပြင်ဆင်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲ၊ လက်ရှိနိုင်ငံရေးအခင်းအကျင်း၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး စသည့်အကြောင်းအရာများကိုဆွေးနွေးခဲ့ကြောင်း မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြောသည်။

    သူက “သံအမတ်ကြီးဘက်ကနေပြီးတော့ ကျနော်တို့ရဲ့ ဒေသအတွင်းမှာလက်ရှိဖြစ်နေတဲ့နိုင်ငံရေးအခြေအနေ တွေမေးလာတယ်၊ ကျနော်တို့ပါတီဘက်လည်း ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ခက်ခဲနေတဲ့အကြောင်းတွေ၊ ဒီဖွဲ့စည်းပုံကိုသူတို့အနေနဲ့ဘယ်လိုမြင်တဲ့အကြောင်းတွေကို မေးဖြစ်ခဲ့ပါတယ်၊ တပ်မတော်ကဏ္ဍနဲ့ ဖွဲ့စည်းပုံကဏ္ဍတွေကို ကျနော်တို့ကို ဆွေးနွေးဖြစ်ပါတယ်” ဟုပြောသည်။

    နံနက် ၁၁ နာရီအချိန်ခန့်တွင် စတင်တွေ့ဆုံကြရာ ဗြိတိသျှသံအမတ်ကြီး အန်‌းရူးပက်‌ထရစ်‌နှင့် စစ်သံမှူး အင်ထိုနီစတန်းတို့သည် မွန်အမျိုးသားပါတီMNP ဗဟိုလုပ်ငန်းကော်မတီ(ယာယီ) ခေါင်းဆောင် နိုင်ငွေသိန်း(ဥက္ကဌအဖွဲ့ဝင်) နှင့် ဒေါက်တာမင်းစိုးလင်း၊ မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် ဗိုလ်မှူး M စိုက်ချမ်းဦးဆောင်သည့်အဖွဲ့တို့ တစ်နာရီနီးပါးခန့် ဆွေးနွေးခဲ့ပြီးနောက် မိနစ်ပိုင်းခန့်အကြာတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုး(မွန်ပြည်နယ်စီးပွားရေးနှင့်စီမံကိန်ဝန်ကြီး)နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညာအောင်မိုးတို့အား ဆက်လက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

    ဗြိတိသျှသံအမတ်ကြီးအနေဖြင့် မြန်မာပြည်အစိုးရတပ်မတော်နှင့် ဗြိတိသျှအစိုးရတပ်မတော်ကြားဆက်ဆံရေးအနေထားကိုရှင်းပြခဲ့ပြီး မွန်နိုင်ငံရေးပါတီ ၂ ခုဖြစ်နေသည့်အတွက် ၂၀၁၅ ရွေးကောက်ပွဲတွင် AMDP ပါတီဝင်ရောက်ယှဉ်ပြိုင်ရမည့်အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း ဒေါက်တာဗညာအောင်မိုးက ပြောသည်။

    သူက “စဆွေးနွေးတော့ မြန်မာပြည်ရဲ့လက်ရှိနိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးအခြေအနေကိုပဲ သူတို့က မေးလာ ပါတယ်၊ နောက်တော့ မြန်မာနဲ့ဗြိတိသျှနှစ်နိုင်ငံဆက်ဆံရေးပိုင်းမှာ လူမှုရေး၊ ဒီမိုကရေစီရေးကို အဓိကအားပေးတာ သံအမတ်ကြီးက ရှင်းပြပါတယ်၊ တိုင်းရင်းသားစာပေသင်ကြားတဲ့အပိုင်းတွေ၊ ကျနော်တို့ပါတီအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ကျနော်တို့ မွန်မှာနှစ်ပါတီဖြစ်နေတဲ့အတွက် ပါတီကြီးတွေကြားမှာ ဘယ်လိုရပ်တည်ရင်ဆိုင်ရမယ့်အကြောင်းတွေပါ” ဟု ပြောသည်။

    AMDP ခေါင်းဆောင်တို့အား တစ်နာရီနီးပါးခန့်တွေ့ဆုံကြပြီးနောက် ဗြိတိသျှသံအမတ်ကြီးနှင့်အဖွဲ့သည် မွန်‌ပြည်‌နယ်‌စက်‌မှုလက်‌မှုလုပ်‌ငန်‌းရှင်‌အသင်‌းနှင့် တွေ့ဆုံဆွေးနွေးကြမည်ဟု သိရသည်။

    အလားတူ လွန်ခဲ့သည့် ၂၀၁၂ စက်တင်ဘာလကလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက်ခ်မစ်ချဲလ်နှင့်အဖွဲ့တို့၏ မွန်ပြည်နယ်ခရီးစဉ်တွင် မွန်ပါတီများခေါင်းဆောင်များအား မော်လမြိုင်မြို့တွင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ဘူးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks