spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမွန်ကျောင်းဆရာ လစာကျပ်ငွေ ၅ သောင်းအထက် ရှိစေရန် ကြိုးပမ်းမည်ဟုဆို

    မွန်ကျောင်းဆရာ လစာကျပ်ငွေ ၅ သောင်းအထက် ရှိစေရန် ကြိုးပမ်းမည်ဟုဆို

    -

    မွန်ပညာရေးညီလာခံမြင်ကွင်း(IMNA)
    မွန်ပညာရေးညီလာခံမြင်ကွင်း(IMNA)
    မင်းထူးသစ် – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ဟံသာထော ဘုန်းတော်ကြီးကျောင်းတွင် ၂ ရက်တာကျင်းပခဲ့သော မွန်ပညာရေး ညီလာခံ၌ မွန်စာပေသင်ကြားသော ဆရာ/မ များကို လစာငွေကျပ် ၅ သောင်းနှင့်အထက်ရရှိရန် ကြိုးပမ်း လုပ်ဆောင်သွားမည်ဟု ဆရာတော် ဘဒ္ဒန္တ သီလဝန္တက မိန့်ကြားခဲ့သည်။

    ဆရာတော်က “လက်ရှိ ကျောင်းဆရာတစ်ယောက်အတွက် တစ်လ ထောက်ပံ့ငွေကျပ် ၂ သောင်းဝန်းကျင်ပဲရနေတော့ မွန်ကျောင်းဆရာအလုပ်ကို သာမန်လူတွေ ဆက်ပြီးမလုပ်နိုင်တော့ဘူး၊ မျိုးချစ်စိတ်ဓါတ်ကို အခြေခံပြီး အနစ်နာခံနိုင်သူတွေလောက်ပဲ ဒုက္ခခံနိုင်တော့တယ်၊ ဒီအတိုင်းဆိုရေရှည်သွားနိုင်ဖို့ မလွယ်ဘူး” ဟု မိန့်သည်။

    လက်ရှိမွန်အမျိုးသားပညာရေးဌာနတွင် မွန်ကျောင်းဆရာ/မ ဦးရေ ၈၀ဝ ဦးကျော်တာဝန်ထမ်းဆောင်နေသည်ဟု မွန်ပညာရေးဌာနစာရင်းအရ သိရသည်။

    တက်ရောက်လာကြသည့်အသင်းအဖွဲ့ ကိုယ်စားပြု ကိုယ်စားလှယ်များက မွန်ပညာရေးအတွက် လက်ရှိကြုံတွေ့နေရသော အခက်အခဲများနှင့် စိန်ခေါ်မှုများကို တင်ပြဆွေးနွေးသွားကြရာ ပညာရေးရန်ပုံငွေစနစ်တကျ ရှာဖွေရေးအစီအစဉ်များ ဆွေးနွေးခဲ့ကြသည်။

    World Education (THAILAND) မှ Patrick Kearn က “တိုင်းရင်းသား စာပေအတွက် ကြုံတွေ့လာနိုင်တဲ့ အစိုးရနဲ့ တိုင်းရင်းသား အကြားစိန်ခေါ်မှုအချက်တွေအနက် ရန်ပုံငွေအနေအထား ခိုင်မာမှလည်း တိုင်းရင်းသား စာပေသင်ကြားရေးအတွက် ရေရှည်ကောင်းမွန်နိုင်မယ်” ဟု အခမ်းအနားတွင် ပြောသည်။

    ယင်းကဲ့သို့ မွန်ပညာရေး ညီလာခံကျင်းပခြင်းသည် ပညာရေးတိုးတက်မြင့်မားလာစေရန်နှင့် လွှတ်တော်ပညာရေးဥပဒေကြမ်းရေဆွဲရာတွင် အထောက်အကူ ဖြစ်စေပြီး နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားပညာရေးအတွက် ဘက်စုံအကူအညီပေးသင့်သည်ဟု ဒေါက်တာဗညားအောင်မိုးက လွှတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်၊

    ဒေါက်တာဗညားအောင်မိုးက “မွန်စာပေကို မွန်လူငယ်တိုင်း သင်ကြားတတ်မြောက်ထားသင့်တယ်၊ မွန်စကားမတတ်တဲ့ လူငယ်တွေကလဲ မွန်စာပေကိုလေ့လာသင်ယူသင့်တယ်၊ စာပေဘာသာရပ်တစ်ခုခု အပိုတတ်မြောက်ထားတာဟာ တစ်ခြားသူထက် အားသာချက်တွေပါပဲ” ဟု ပြောသည်၊။

    ညီလာခံတွင် မွန်ပညာရေး ကော်မတီတစ်ရပ်ဆက်လက်ဖွဲ့စည်းရာ မွန်ပြည်သစ်ပါတီဝင်(၇)ဦး၊ ဒေသတွင်း သံဃာတော် (၅)ပါး၊ တတ်သိပညာရှင်(၁၁)ဦး စုစုပေါင်း(၂၃)ဦးပါဝင်ပြီး ပညာရေးရန်ပုံငွေ ရှာဖွေရေးကော်မတီဝင် (၁၅)ဦးကိုလည်း ရွေးချယ်ဖွဲ့စည်းနိုင်ခဲ့သည်ဟု သိရသည်။

    မွန်ပြည်သစ်ပါတီဦးဆောင်မှုအောက်တွင်ရှိသော မွန်အမျိုးသားပညာရေးကော်မတီက World education၏ အကူအညီဖြင့် ပညာရေးဘက်စုံ ဖွံဖြိုးတိုးတက် လာစေရန် ရည်ရွှယ်ပြီး မွန်ပညာရေး ညီလာခံကို ပြီးခဲ့သည့်ဧပြီလ ၃၀ရက်နှင့် မေ ၁ ရက်နေ့များတွင်ကျင်းပခဲ့ရာတွင် သံဃာတော် ၁၅ ပါး နှင့် မွန်နိုင်ငံရေးပါတီများ၊ လူမှုအသင်းအဖွဲ့အသီးသီးမှ လူပုဂ္ဂိုလ် ၁၀၅ ဦးခန့်တက်ရောက်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks