ခင်မောင်ရင် –
၇။ ချဉ်းကပ်မှုပုံစံ ဆိုင်ရာအဆိုပြုချက်
နိုင်ငံရေးဆိုသည်မှာ ဖြစ်နိုင်ခြေ၏အနုပညာဟု ပညာရှင်အများ သဘောတူကြပါသည် (Butler 1971)[1]။
သို့အတွက်ကြောင့် ဖြစ်နိုင်ခြေရှိသည့် လူမျိုးစုပြည်နယ်များ၏အခွင့်အရေးများ များနိုင်သမျှ များများရရှိရေးကို လောလောဆယ်လုပ်ငန်းစဉ်များအဖြစ် ဦးတည်ချမှတ်ရန်လိုအပ်ကြောင်း အဆိုပြုလိုပါသည်။ ထို့အပြင် ယခုမြန်မာ့နိုင်ငံရေး အခင်းအကျင်းသစ်မှထွက်ပေါ်လာသော အခွင့်အလန်းများကို ဆုပ်ကိုင်နိုင်ရန်မှာ ဝင်ပါသော ပုဂ္ဂိုလ်များအနေဖြင့် မျိုးချစ်စိတ်နှင့်နွယ်သော နိုင်ငံရေးသက်သက်ကိုသာမက အတတ်ပညာနှင့် ကျွမ်းကျင်မှုပါ လိုအပ်လာသည်ဟု ကျွန်တော်မြင်ပါသည်။ သို့အတွက် ဗမာအစိုးရများနှင့် စစ်စဖြစ် ကတည်း က တစ်ခါမျှ တည်ဆောက်ချိန်မရခဲ့တော့သော ကျွန်တော်တို့၏ ခေါင်းဆောင်ကြီး၊ လတ်၊ ငယ်များ နှင့် လူအပါအဝင် အခြားသောရင်းမြစ်များကို တည်ဆောက်ကြရန် လိုအပ်ပါသည်။ လက်တစ်ဆုပ်စာ လူစွမ်းကောင်းများဖြင့် အမျိုးသားနိုင်ငံတစ်ခု တည်ဆောက်သည့်ခေတ်မှာ ဂန္ထဝင်သမိုင်းတွင် ကျန်ရစ်ခဲ့ပြီ ဖြစ်ပါသည်။
တဖက်တွင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၇၉) အရ သက်ဆိုင်ရာပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ်ဦးရေ ၂၅ ရာခိုင်နှုန်းက တောင်းဆိုပါက အရေးပေါ်လွှတ်တော်ခေါ်ယူခွင့် နှင့် ဥပဒေ တစ်ရပ်ရပ် ပြဋ္ဌာန်းခြင်းကို ပိတ်ဆို့ကန့်ကွက်နိုင်ခွင့် တို့ကို ခွင့်ပြုထားပါသည်။ မွန်ပြည်နယ်လွှတ်တော်တွင် မွန်ဒေသပါတီမှ ၂၂.၈ ရာခိုင်နှုန်း အနိုင်ရခဲ့ပါသည်။
ယခု ၂၀ဝ၈ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လုပ်ပိုင်ခွင့်မှာ အကန့်အသတ်များစွာရှိနေပါသည်။ လူမှုဖူလုံရေးမူဝါဒများ (social policy) နှင့်ဆိုင်သော ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို စီမံခန့်ခွဲခွင့် မရှိပါ။ သဘာဝရင်းမြစ်များ စီမံခန့်ခွဲခွင့်မှာလည်း များပြားလှသော အကန့်အသတ်များ အောက်တွင် ဘာမျှလုပ်ပိုင်ခွင့် မရှိသလိုဖြစ်နေပါသည်။ ၂၀ဝ၈ ပြည်ထောင်စုမြန်မာ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား (၂) မှ ပြဌာန်းချက်များအရ ပြည်နယ်အဆင့် ဘဏ္ဍာရေး၊ စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊သတ္ထု၊ သစ်တော၊ပို့ဆောင်ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲရေး ကဏ္ဍများတွင် ပြည်နယ်များ၏ ဥပဒေပြုစာရင်းမှာ အကန့်အသတ်များလှပါသည်။ ရှိနှင့်ပြီးသား ဥပဒေပြုခွင့်နှင့် စီမံခန့်ခွဲခွင့် အာဏာများ လက်တွေ့အကောင်အထည်ပေါ်လာစေရန် အတွက် ကြိုးပမ်းကြရမည့်နည်းတူ နိုင်ငံရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုဖြေလျော့ရေးလုပ်ငန်းစဉ်များ (devolution process) နှင့် အုပ်ချုပ်စီမံမှု ဆိုင်ရာ ဗဟိုထိန်းချုပ်မှုလျော့ချရေးလုပ်ငန်းစဉ်များ (decentralization process) များ အရှိန်အဟုန်ဖြင့် အကောင်အထည်ပေါ်လာရန် အလျှင်ဦးစွာ ကြိုးပမ်းကြရန်လိုအပ်သည်ဟု မြင်ပါသည်။ ထိုမျှမက အမျိုးသားကြန်အင်လက္ခဏာဆိုင်ရာလုပ်ကိုင်ဆောင်ရွက်ခွင့်များဖြစ်သော ယဉ်ကျေးမှု၊ စာပေနှင့် အခြားသော အမျိုးသားရေးဆိုင်ရာလှုပ်ရှားမှုများကို အထိုက်အလျောက် ခွင့်ပြုလာ သော်လည်း အမျိုးသားကြန်အင်လက္ခဏာဆိုင်ရာ အရေးကိစ္စများအဖြစ် တရားဝင်အသိအမှတ်ပြုမှု မရှိသေးသည်ကို တွေ့ရပါသည်။ ဥပမာအားဖြင့် မွန်အမျိုးသားနေ့ကို မွန်ပြည်နယ်၏ တရားဝင်ရုံးပိတ်ရက် အဖြစ် သတ်မှတ်ရေးကဲ့သို့သော ကိစ္စရပ်များကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါမည်။
ဦးဆောင်နိုင်ငံရေး ပါတီအနေဖြင့် လောလောဆယ်လုပ်ငန်းစဉ်များအဖြစ် ဦးတည်ချက်ထား ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သော လုပ်ငန်းစဉ်များကို အဆိုပြုလိုပါသည်။
(၁) လူမျိုး၏ကြန်အင်လက္ခဏာနှင့် ဆိုင်သော ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် အမျိုးသားရေးဆိုင်ရာ လှုပ်ရှားမှုများကို နိ်ုင်ငံတော်အဆင့်တွင် တရားဝင်အသိအမှတ်ပြုရေးနှင့် ပိုမိုလွတ်လပ်စွာ လုပ်ဆောင်ခွင့် ရရှိရေးကို ဦးတည်ဆောင်ရွက်ရန်
(၂) လူမှုဖူလုံရေးနယ်ပယ် (social welfare) နှင့် သက်ဆိုင်သည့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများကို ပြည်နယ်အဆင့်တွင် စီမံဆုံးဖြတ်ခွင့်ရရှိရေးဦးတည်ဆောင်ရွက်ရန်
(၃) နိုင်ငံခြားတိုက်ရိုက် ကုန်သွယ်ခွင့် အပါအဝင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ လွတ်လပ်စွာ ဆုံးဖြတ်လုပ်ကိုင်ခွင့်ရရှိရေး ဦးတည်ဆောင်ရွက်ရန်
(၄) ပြည်နယ်အတွင်း အသေးစားနှင့် အလတ်စားအဆင့် သဘာဝသယံဇာတ စီမံခန့် ခွဲခွင့်ရရှိရေး ဦးတည်ဆောင်ရွက်ရန်
စသည့်လုပ်ငန်းစဉ်များသည် ယခုအရပ်သားတစ်ပိုင်းအစိုးရအနေဖြင့် လိုက်လျောရန်ဖြစ်နိုင်ခြေများ သည့်အပြင် ပြည်နယ်လူထု၏ နေ့စဉ်ဘဝအတွက်လည်း အရေးကြီးပါသည်။
၈။ နိုင်ငံရေးဦးဆောင်မှုကိုယ်ထည် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာအဆိုပြုချက်
“မွန်လူမျိုးများကို ပျောက်ကွယ်သွားတော့မည့် လူမျိုးတစ်မျိုးအဖြစ် လူမျိုးစုသမိုင်းပညာရှင် အများစုက ယူဆကြပါသည်။ လက်တွေ့တွင်ထိုုသို့မဟုတ်ယုံမျှမက မွန်တို့သည် ကြီးကျယ်ခန်းနားသည့် အနာဂတ်ရှိသည့် လူမျိုးတစ်မျိုးဖြစ်သည်ကို မြင်တွေ့နေရဆဲဖြစ်ပါသည်” (South 2003, p. xv)။
ဒီမိုကရက်တစ် နှုန်း၊ စံ၊ တန်ဖိုးများကို အလေးထားကြမည်ဟုဆိုလျှင် မွန်အမျိုးသားများကို ကိုယ်စားပြုမည့် တစ်ခုတည်းသော နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်တည်ဆောက်ရေးအတွက် အားလုံးပါဝင်နိုင်သည့် အလုပ်ဘောင်တစ်ခုကို အဆိုပြုတင်ပြလိုပါသည်။
(၁) မွန်အမျိုးသား အတိုင်ပင်ခံကောင်စီ
အသက်အရွယ် (၇၀) သို့မဟုတ် (၇၅) နှစ် ကျော်လာကြသည့် ကျွန်တော်တို့၏ခေါင်းဆောင်များအား အမျိုးသားထု၏ ရတနာသိုက်အဖြစ် မွန်အမျိုးသား အတိုင်ပင်ခံကောင်စီ၏ အဖွဲ့ဝင်များအဖြစ် တစ်စုတစ်စည်းတည်း စုစည်းနိုင်လျှင် ကျွန်တော်တို့ မွန်အမျိုးသားများ၏ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေးလုပ်ငန်းများတွင် များစွာအထောက် အကူဖြစ်စေနိုင်သည်ဟု ယုံကြည်ပါသည်။ သို့အတွက် ထိပ်ဆုံးအဆင့်တွင် အသက်အရွယ်၊ ဝါ၊ အတွေ့အကြုံဖြတ်သန်းမှုရင့်ကျက်ကြသည့်အပြင် မွန်အမျိုးသား တို့၏အနာဂတ်အတွက် တန်ဖိုးကြီးလှသော သမိုင်းသင်ခန်းစာများကို လက်ဆင့်ကမ်းပေးဝေနိုင်သည့် ခေါင်းဆောင်များအား အမျိုးသား အကျိုးစီးပွားအတွက် ၎င်းတို့တတ်စွမ်းသမျှ ပါဝင်နိုင်ရေးအတွက် ဆုံးဖြတ်ခွင့် အာဏာ အသင့်အတင့်ရှိသော နိိုင်ငံရေး ဦးဆောင်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း ရန်လိုအပ်သည်ဟု ဦးစွာပထမ အဆိုပြုတင်ပြလိုပါသည်။
(၂) မွန်အမျိုးသား နိုင်ငံရေးပါတီ
အစဉ်အလာ ပုဂ္ဂိုလ်ရေးဖြတ်သန်းမှုနှင့်ဝါစဉ်အပေါ် အဓိကအမှီပြုသည့် ဒီမိုကရေစီဗဟိုဦးစီးစနစ်ဖြင့် ဖွဲ့စည်းလေ့ရှိသည့် အပေါ်မှအောက်သို့ပုံစံနိုင်ငံရေးပါတီဖွဲ့စည်းပုံအစား၊ ဒီမိုကရေစီစနစ်ဖြင့် ဖွဲ့စည်းသည့် ပါတီဖွဲ့စည်းပုံတစ်ရပ်ကို အဆိုပြုလိုပါသည်။
ပါတီဗဟိုကော်မတီသည် ပါတီတစ်ရပ်တွင် အခရာဖြစ်သဖြင့် ပါတီဗဟိုကော်မတီဝင်များကို သက်ဆိုင်ရာ မြို့နယ်များမှ ပါတီဝင်များ၏ ဆန္ဒမဲဖြင့် ဒီမိုကရေနည်းကျ ရွေးချယ်တင်မြှောက်သည့်စနစ်ကို ကျင့်သုံးရန် လိုအပ်သည်ဟု အဆိုပြုလိုပါသည်။ ဤနည်းအားဖြင့် မြို့နယ်အဆင့်တွင် ပါတီဝင်ထု၏ စည်းလုံးညီညွတ် ရေးကို ဖော်ဆောင်နိုင်မည့်အပြင် ရွေးကောက်ပွဲများအတွက်လည်း ကိုယ်စားလှယ် လောင်းများ လျာထား ရွေးချယ်ပြီးသား ဖြစ်လာပါမည်။
ဒုတိယအဆင့်အနေဖြင့် အောက်ခြေမှ ရွေးကောက်ခံလာကြသည့် ဗဟိုကော်မတီများအနက်မှ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်များကို ရွေးချယ်ရန်ဖြစ်ပါသည်။ ဗဟိုအလုပ်အမှုဆောင်များကို ဗဟိုကော်မတီဝင်များ၏ ဆန္ဒမဲ ၇၀ ရာခိုင်နှုန်းနှင့် အမျိုးသားအတိုင်ပင်ခံကောင်စီဝင်များ၏ ဆန္ဒမဲ ၃၀ ရာခိုင်နှုန်းဖြင့် ရွေးချယ်သင့်သည်ဟု အဆိုပြုပါသည်။ ဖြစ်တည်လာနိုင်သည့် ကျွန်တော်တို့၏ ပါတီ အရွယ်အစားအရ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဦးရေ ၉ ဦးထက် မပိုသင့်ဟု ယူဆပါသည်။
နောက်ဆုံးအဆင့်အဖြစ် ပါတီဥက္ကဌကို ရွေးချယ်ရာတွင် အောက်ခြေပါတီဝင်ထု၏ ဆန္ဒမဲ ၅၀ ရာခိုင်နှုန်း၊ ဗဟိုကော်မတီ၏ဆန္ဒမဲ ၃၀ ရာခိုင်နှုန်းနှင့် အမျိုးသား အတိုင်ပင်ခံကောင်စီ၏ဆန္ဒမဲ ၂၀ ရာခိုင်နှုန်းဖြင့် ရွေးချယ်သင့်သည်ဟု ထင်ပါသည်။ ဥက္ကဋ္ဌနေရာအတွက် ရွေးကောက်ပွဲများကို မြို့နယ်အနှံ့တွင် ကျင်းပရန် လိုမည်ဖြစ်ပါသည်။
ဤနည်းအားဖြင့် ဒီမိုကရေစီကျပြီး နိုင်ငံရေးအင်အားစုအားလုံး ပါဝင်နိုင်သည့် နိုင်ငံရေးကိုယ်ထည် မူဘောင်တစ်ရပ် ပေါ်ပေါက်လာနိုင်သည်ဟု ယုံကြည်ပါသည်။
၉။ မူဝါဒအခြေခံများ ညှိနှိုင်းဆုံးဖြတ်ရေးဆိုင်ရာ အဆိုပြုချက်
ဆိုခဲ့ပါအတိုင်း ဖက်ဒရယ်ကိစ္စ၊ ဖွဲ့စည်းပုံပြင်ရေးကိစ္စ၊ အတိုက်အခံလုပ်ရေးကိစ္စ အစရှိသည်များမှာ ညှိနှိုင်း သဘောတူနိုင်သည့် ကိစ္စရပ်များဖြစ်နိုင်ခဲသည့်အတွက် ကိစ္စတိုင်းကို နှစ်ဖက် ငြင်းခုန်လိုသည့် ပါတီဝင်များ အား အချိန်ပေးနိုင်က အချိန်ပေးငြင်းခုန်ခွင့်ပြုပြီးနောက် အရေးကြီးလျှင်ကြီးသလို ဗဟိုအလုပ်အမှုဆောင် အဆင့်၊ ဗဟိုကော်မတီအဆင့်တို့တွင်သာမက အတိုင်ပင်ခံကောင်စီနှင့် လိုအပ်လျှင် အောက်ခြေပါတီ အဆင့်တို့၏ သဘောဆန္ဒဖြင့် မဲခွဲဆုံးဖြတ်ရန်လိုအပ်မည်ဟု ယူဆပါသည်။ များရာစု၏ အဆုံးအဖြတ်ကို လိုက်နာရမည်မှာ ဒီမိုကရေစီကျင့်စဉ်ပင်ဖြစ်ပါသည်။ လူနည်းစုကိုလည်း ကာလသက်တမ်း သတ်မှတ်ချက်တစ်ခုကျော်လျှင် ထိုကိစ္စရပ်ကို ပြန်လည်မဲခွဲရန်တောင်းဆိုခွင့်လည်း ပြုရပါမည်။ သို့သော် ကိစ္စရပ်တစ်ခုတည်းကို တစ်နှစ်အတွင်း ၂ ခါ မဲခွဲရန်မသင့်လျော်ဟု ယူဆပါသည်။
ဤနည်းအားဖြင့် မွန်နိိုင်ငံရေးအင်အားစုများအားလုံး ပါဝင်နိုင်သည့် ညီညွတ်သောမွန်အမျိုးသားနိုင်ငံရေး ဦးဆောင်ကိုယ်ထည်တစ်ရပ် ဖြစ်ပေါ်လာမည်ဟု ယုံကြည်ကြောင်း တင်ပြအပ်ပါသည်။
ကျမ်းကိုး
၁။ Adesnik, AD and Kim, S 2008, ‘If at first you don’t succeed: the puzzle of South Korea’s democratic transition’, Working Paper, Centre on Democracy, Development, and the Rule of Law, Freeman Spogli Institute for International Studies, Standford.
၂။ Black, A 2011, ‘Scottish election: SNP profile’, BBC News, archived from the original on 3 June 2011.
၃။ Butler, RA 1971, The art of the possible,
၄။ Cook, C and Stevenson, J 2000, The Longman Companion to Britain since 1945, 2nd edn, Pearson Education,
၅။ Curtis, G 1998, ‘Cambodia reborn? The transition to democracy and development, United Nations Research Institute for Social Development, viewed 24 January 2014,