spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းယာယီပတ်စပို့ ကိုင်ဆောင်သူများအား ဘုရားသုံးဆူနယ်စပ်မှ ဖြတ်သန်းခွင့်မပြု

    ယာယီပတ်စပို့ ကိုင်ဆောင်သူများအား ဘုရားသုံးဆူနယ်စပ်မှ ဖြတ်သန်းခွင့်မပြု

    -

    မင်းသုတ – နေရပ်ပြန် ယာယီပတ်စပို့ကိုင်ဆောင်သူ မြန်မာအလုပ်သမားများအား ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ တရားမဝင် နယ်စပ်ဖြတ်သန်းဂိတ်များမှ ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။

    ထိုင်းနယ်မြေမှတဆင့် ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ဂျပန်ရေတွင်း၊ ကြံတောရွာအဝင်လမ်းများ၊ မြန်မာအာဏာပိုင်ထိန်းချုပ်ရာ ဘုရားသုံးဆူမြို့ဝင် မလွယ်ပေါက်လမ်းသွယ်များ၌ ထိုင်းစစ်တပ်က ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှ စတင်ပိတ်ဆို့တားဆီးထားခြင်း ဖြစ်သည်။

    အမည်မဖေါ်လိုသော ထိုင်းအရာရှိတစ်ဦးက “တကယ်လို့ မြန်မာဘက်က ဘုရားသုံးဆူနယ်စပ်ဂိတ်ဖွင့်ပေးရင် သွားလာခွင့်ရှိပါတယ်၊ အခုလို နယ်ခြားဂိတ်ပိတ်ထားတဲ့အတွက် တရားမဝင်နယ်စပ်ဖြတ်ကျော်တာတွေကို ခွင့်မပြုပါဘူး” ဟု ပြောသည်။

    သို့ရာတွင် ထိုင်းနယ်စပ်တွင်နေထိုင်ခွင့်ရှိသူ မွန်၊ မြန်မာ၊ ကရင် စသည့်ဒေသခံများ အဆိုပါတရားမဝင်လမ်းပေါက်များမှ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်တားဆီးခြင်းမရှိပေ။

    ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ ညနေပိုင်းတွင် နေရပ်ပြန် မွန်တိုင်းရင်းသား ၇၀ ဦးခန့် ကြံတောရွာအဝင်လမ်း၌ ထိုင်းစစ်တပ်က ယာယီပတ်စပို့များ ခေတ္တသိမ်းဆည်းခဲ့ကြောင်း သံဖြူဇရပ်မြို့နယ်၊ ပငရွာသား ကိုမွန်ကျော်က ပြောသည်။

    ကိုမွန်ကျော်က “ ထိုင်းစစ်သားပြောတာက ခင်ဗျားတို့နိုင်ငံနယ်စပ်ဂိတ်အထိ ဒီကနေတည့်တည့်သွားကြပါ၊ ဒီလိုလမ်းဘေးလမ်းကြားတွေကို မဆင်းပါနဲ့၊ ကျနော်တို့ကလည်း ဂိတ်ပိတ်ထားတဲ့အတွက် ဘယ်လိုဖြတ်သွားရမှာလဲ၊ သွားလို့ရတဲ့လမ်းကြောင်းကနေ သွားရမှာပဲ” ဟု ပြောသည်။

    ထို့နောက် ည ၁၁ နာရီအချိန်ခန့်တွင် ထိုင်းစစ်တပ်သိမ်းဆည်းခဲ့သော ယာယီပတ်စပို့များကို တစ်ဦးစီမကျန် ပြန်လည်ပေးအပ်ကြောင်း ကာယကံရှင်များ ပြောပြချက်အရ သိရသည်။

    လမိုင်းမြို့သို့ ပြန်မည့် မမီးမီးက “ ဝင်းက-သုံးဆူလမ်းခွဲဂိတ်မှာ ကျမတို့ကို တားထားတယ်၊ ဘုရားသုံးဆူဘက်ကို လုံးဝသွားခွင့်မပြုဘူး၊ ထားဝယ်လမ်းကြောင်းကနေ ပြန်ဖို့ပြောတယ်၊ ကျမတို့မြို့က ဘုရားသုံးဆူနဲ့ပဲနီးတော့ ဒီဘက်ကနေပဲပြန်ချင်တယ်၊ ဟလော့ဟနီလမ်းဘက်မှာလည်း သွားခွင့်မရှိဘူးတဲ့” ဟု ပြောသည်။

    ဖေဖေါ်ဝါရီ ၂၄ ရက်နေ့တွင် ယာယီပတ်စပို့ကိုင်ဆောင်သူ ၃၀ဝ နီးပါးခန့် စံခလပူရီ(ဝင်းက) အနီးရှိ ဘုရားသုံးဆူလမ်းခွဲမှ ထိုင်းနိုင်ငံအတွင်းဘက်သို့ ပြန်လှည့်သွားရသည်ဟု လိုက်လံပို့ဆောင်ပေးသူ မဟာချိုင်နေ ကားဒရိုင်ဘာ မင်းဇော်ထံမှ သိရသည်။

    မွန်ပြည်နယ်သို့နေရပ်ပြန်လိုသူများသည် ဘုရားသုံးဆူနယ်စပ်လမ်းကြောင်း သွားလာရေးအဆင်မပြေသောကြောင့် ကန်ချပူရီခရိုင်-ဖူးနမ်းရွန်း(ရေပူစမ်း)-ထီးခီးဂိတ်လမ်းကြောင်းဘက်သို့ ဝင်ထွက်သွားလာရသဖြင့် ခရီးပိုမိုကြန့်ကြာသွားကြောင်း မင်းဇော်က ပြောသည်။

    ယခုအခါ မောတောင်နယ်စပ်ကုန်သွယ်ရေစခန်း၊ ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ထန်တလန် နယ်စပ်ကုန်သွယ်ရေးစခန်းများဖွင့်လှစ်ထားပြီးဖြစ်ရာ လာမည့်၂၀၁၅ တွင် မယ်စဲ့နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ဘုရားသုံးဆူနယ်စပ်ကုန်သွယ်ရေးစခန်းများကို တည်ဆောက်နိုင်ရန်အတွက် မြေနေရာများ သတ်မှတ်ထားပြီဟု သိရသည်။

    သို့ရာတွင် ဘုရားသုံးဆူဒေသ၌ ထိုင်းမြန်မာနှစ်နိုင်ငံနယ်မြေအတိအကျ မသတ်မှတ်နိုင်မှုကြောင့် နယ်စပ်ဂိတ်ကို မြန်မာအာဏာပိုင်ဘက်က ပိတ်ထားရခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေအတိုင်း နယ်ခြားဂိတ်ဖွင့်လှစ်ပါက နှစ်နိုင်ငံနယ်နိမိတ်အတည်ဖြစ်သွားမည်ကို မြန်မာအစိုးရစိုးရိမ်နေမိကြောင်း ဘုရားသုံးဆူမြို့အာဏာပိုင်တစ်ဦးထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks