Friday, March 13, 2026
More
    spot_img
    Homeသတင်းမုဒိန်းကျင့်ကြံစည်စဉ်ရိုက်နှက်ခံရသည့်မွန်တိုင်းရင်းသူ ရန်ကုန်ဆေးရုံကြီးတွင်ခွဲစိတ်

    မုဒိန်းကျင့်ကြံစည်စဉ်ရိုက်နှက်ခံရသည့်မွန်တိုင်းရင်းသူ ရန်ကုန်ဆေးရုံကြီးတွင်ခွဲစိတ်

    -

    WLB ထုတ်ပြန်ချက်စာအုပ်အဖုံး
    WLB ထုတ်ပြန်ချက်စာအုပ်အဖုံး
    မင်းလုံး – သံဖြူဇရပ်မြို့အနီးရှိ အမှတ်(၃၁၅)အမြောက်တပ်ရင်းမှ ဒုတပ်ကြပ်ရဲလင်းထွန်း မုဒိန်းကျင့်ကြံစည်စဉ် ကျောက်ခဲဖြင့်အပြင်းအထန်ထုရိုက်နှက်ခံရသူ မွန်တိုင်းရင်းသူတစ်ဦးသည် ယခုအခါ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသဆောင်၌ ဆေးကုသခံနေကြောင်း အနီးကပ်ကူညီစောင့်ရှောက်သူများထံမှ သိရသည်။

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲရက်ကျေးရွာအုပ်စု ရွာသာယာကျေးရွာသူ မိချိုသည် ဇန်နဝါရီလ ၂၅ ရက်နေ့က ရာဘာခြံတွင် သူမအားမုဒိန်းကျင့်ရန်ကြိုးစားသည့် တပ်မတော်သားအား ရှိသမျှအင်အားဖြင့်ပြန်လည်ခုခံစဉ် ဦးခေါင်း၊ မျက်နှာနှင့် လက်ချောင်းများအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရာမှ သက်သာလာခြင်းမရှိသဖြင့် ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရခြင်း ဖြစ်သည်။

    အနီးကပ်ပြုစုကူညီပေးနေသူ မိကျဲကျဲညီက "အခု ဦးနှောက်နဲ့အာရုံကြောခွဲစိတ် ကုသဆောင်မှာ ဆေးကုခံနေတယ်၊ ပြီးရင် အဲဒီကတဆင့် အရိုးနဲ့အကြောခွဲစိတ်ကုသဆောင်ကို ပြန်ပြောင်းပြီးကုသမှာ ဖြစ်တယ်” ဟု ပြောသည်။

    ယင်းသို့ အကြမ်းဖက်နှိပ်စက်မှုကြောင့် မိချို၏ ဦးခေါင်းသွေးခဲ၊ မျက်နှာဖူးရောင်ဒဏ်ရာ၊ သွားနှစ်ချောင်းကျိုးဒဏ်ရာနှင့် ဘယ်လက်သန်းတွင် သွားကိုက်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်သည်။

    လူနာ၏ဆေးဖိုးဝါးခနှင့် လူနာစောင့်များအတွက် တစ်နေ့တာကုန်ကျစရိတ်မှာ ငွေကျပ် ငါးသောင်းကျော်ခန့် ကုန်ကျလျက်ရှိပြီး လူနာ၏ဘယ်ဘက်လက်သန်းဒဏ်ရာခွဲစိတ်ကုသမှုမပြုလုပ်နိုင်ပါက နဂိုပုံစံအတိုင်း ပစ္စည်းတစ်ခုခုအား ဆုပ်ကိုင်နိုင်မှာမဟုတ်ဟု လူနာစောင့်များက ဆိုသည်။

    လူနာအတွက် ဆေးဝါးကုသမှုကုန်ကျစရိတ်များကို မွန်လူထုများထံမှရရှိသော အလှူငွေများအပြင် Women’s League of Burma(WLB) မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချူပ်ထောက်ပံ့ပေးငွေများဖြင့် ယခုကဲ့သို့ ဆေးရုံတင်နိုင်ကြောင်း မိကျဲကျဲညီက ဆက်ပြောသည်။

    ထို့အပြင် ရန်ကုန်၌ ဆေးကုသနေစဉ်ကာလအတွင်း WLB အဖွဲ့အစည်းမှဒေါ်နော်အုန်းလှနှင့် ကရင်အမျိုးသမီးများအဖွဲ့ (ရန်ကုန်)မှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးလျက်ရှိကြောင်းလည်း သိရသည်။

    မိကျဲကျဲညီက “ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချူပ်ကိုလည်းတိုင်ကြားထားတယ်၊ အမှုနဲ့ပတ်သက်ပြီး သံဖြူဇရပ်ရဲစခန်းမှာအမှုဖွင့်ထားတယ်ဆိုပေမယ့် ကျမတို့က လူနာကိုပဲပိုပြီးဂရုစိုက်နေတဲ့အချိန် ဖြစ်နေတဲ့အတွက် ရဲဌာနဘက်က ဒီအမှုကိုဘယ်လိုကိုင်တွယ်နေသလဲဆိုတာကို ပွင့်လင်းမြင်သာစွာ ကျမတို့မသိရသးပါဘူး” ဟု ပြောသည်။
    ယင်းပြစ်မှုအား သာမန်အသေးအဖွဲအမှုများကဲ့သို့ဖြစ်မြောက်အောင် အာဏာပိုင်များကြိုးစားနေသည်ဟု အနီးကပ်စောင့်ကြည့်လေ့လာနေသော သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

    သူက “သံဖြူဇရပ်ရဲစခန်းမှာ ကာယကံရှင်ခင်ပွန်းက အမှုဖွင့်ထားတယ်၊ ဒါပေမယ့် ရဲစခန်းက ဘာမှမကိုင်တွယ်နိုင်ပါဘူး၊ တရားခံလို့ယူဆရတဲ့စစ်သားကို စစ်တပ်ကပဲ ထိန်းထားတယ်၊ တပ်ကအရာရှိတစ်ဦး ဆေးဖိုးဝါးခနည်းနည်းပါးပါးပေးလိုက်တာကိုတော့ ကြားလိုက်မိတယ်"ဟု ပြောသည်။

    အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းအတွင်း ရေးမြို့နယ်၊ ကျုံညဲကျေးရွာသူ အသက် ၁၃ နှစ်အရွယ် မွန်တိုင်းရင်းကျောင်းသူတစ်ဦးအား ခလရ ၃၁ တပ်ရင်းမှ စစ်သားတစ်ဦးမုဒိန်းကျူးလွန်သည့်ကိစ္စတွင် တပ်ရင်းမှူးက ငွေ ၅ သိန်းပေး အမှုကြေအေးခဲ့သည်ကို ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

    ၂၀၁၀ ရွေးကောက်ပွဲ ကာလနောက်ပိုင်း အစိုးရတပ်မတော်၏ အဓမ္မပြုကျင့်ခြင်းခံခဲ့ရသော အမျိုးသမီးအမှုပေါင်း ၁၀ဝ ကျော်ပါဝင်သည့် WLB အဖွဲ့ဝင်အချက်အလက်မှတ်တမ်းအစီရင်ခံစာ၌ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲနေသည့်ကာလတွင် တိုင်းရင်းသားဒေသအတွင်းရှိ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်ဗျူဟာတစ်ခုကဲ့သို့ အသုံးပြုနေမှု ရပ်တန့်စေရေးအတွက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ပြီးခဲ့သည့်ဇန်နဝါရီလတွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks