spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမွန်စာပေကို အစိုးရစာသင်ကျောင်းတွင် အဓိကဘာသာရပ်ဖြင့် သင်ကြားခွင့်ရရန် တိုက်တွန်း

    မွန်စာပေကို အစိုးရစာသင်ကျောင်းတွင် အဓိကဘာသာရပ်ဖြင့် သင်ကြားခွင့်ရရန် တိုက်တွန်း

    -

    ဂျူရီချိုင်း – မွန်စာပေကို မွန်ပြည်နယ်အတွင်းရှိ အစိုးရကျောင်းများတွင် ကျောင်းချိန်ပြင်ပ၌သာ သင်ကြားခွင့်ပြုသည့်အပေါ် အားရကျေနပ်မှု မရှိဘဲ အစိုးရစာသင်ကျောင်းများတွင် ဘာသာရပ်တခုအနေဖြင့် သင်ကြားခွင့်ရရှိရန် ကြိုပမ်းသွားမည်ဟု အငြိမ်းစား ပညာရေးဝန်ထမ်း နိုင်ငွေသိန်း (နိုင်ဂျနူမွန်) က ပထမအကြိမ် မော်လမြိုင်မြို့ တွင် ကျင်းပ သည့် မွန်စာပေဟောပြောပွဲတစ်ရပ်တွင် တိုက်တွန်း ပြောဆိုခဲ့သည်။

    အဆိုပါဟောပြောပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ဇန်နဝါရီ ၂၅ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

    ထိုမွန်စာပေဟောပြောပွဲတွင် အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သူ မင်းရာဇာက “အခမ်းအနား တက်ရောက်လာတဲ့သူတွေ တော်တော်များများ စိတ်ဝင်စားကြတာ များတယ် ဘာဖြစ်လို့လဲ ဆိုတော့ ဒီလိုမျိုး ကိုယ့်စာပေ ကိုယ်လူမျိုးအကြောင်းတွေ မမေ့နိုင်အောင် ပြန်ပြီး သတိရနိုင်အောင် ပြုလုပ်သလိုမျိုး ဖြစ်သွားတာပေါ့၊ ဟောပြောသွားတဲ့အထဲမှာ တချို့နားမလည်တဲ့သူတွေ မေးခွန်းမေးပြီး ပြန်ဖြေတာလဲ ရှိတယ်” ဟု ပြောသည်။

    အဆိုပါ မွန်စာပေ ဟောပြောပွဲတွင် မွန်စာပေ အရေးအသား၊ အခြေခံ မွန်စာပေ ရေးသားနည်း၊ မွန်လူမျိုးတို့၏ လူမူဘဝ နေထိုင်ရေးနှင့် အမျိုးသမီးများ အခွင့်အရေး စသည့် အမေးအဖြေကဏ္ဍများ ပါဝင်သည်။

    ထိုစာပေဟောပြောပွဲတွင် ကျောင်းထိုင်ဆရာတော် ဦစန္ဒောဘာသ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ဥက္ကဌ အငြိမ်းစားပညာရေးဝန်ထမ်း ဥက္ကဌ နိုင်ငွေသိန်း(ခေါ်) နိုင်ဂျနူမွန်၊ ရေးမြို့ နယ် အံဒင်ကျေးရွာ မွန်အမျိုးသားအထက်တန်းကျောင်းအုပ် မိလဝီဟန်တို့ ပါဝင်သည်။

    မွန်အမျိုးသားအထက်တန်းကျောင်း ကျောင်းအုပ်အဖြစ် တာဝန် ထမ်းဆောင်နေသူ မိလဝီဟန်က မျက်မှောက်ခေတ်ကာလ မွန်အမျိုးသမီးအခွင့်အရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် ပြည်တွင်းစစ် ပဋိပက္ခကာလများတွင် အမျိုးသမီးများ မည်ကဲ့သို့ အဓမ္မ ပြုကျင့်ခြင်း ခံခဲ့ရသည်များကို ရှင်းပြပြီး ယခုခေတ်တွင် အမျိုးသမီးများအနေဖြင့် အမျိုးသားရေးအခန်းကဏ္ဍများတွင် မည်သို့ ပါဝင်ခဲ့သည်ကို ရှင်းပြခဲ့သည်။

    ထို့အပြင် မွန်ပြည်နယ် ပေါင်မြို့ ကျောင်းထိုင် ဆရာတော် ဦးစန္ဒောဘာသ သည်လည်း အခြေခံမွန်စာပေ ရေးသားနည်းနှင့် ခေတ်ပေါ် မွန်စာပေများ ဖြစ်သည့် ကဗျာ၊ ရသစာပေများ အမျိုးမျိုး ရှိနေသည်များကို မိန့် ကြားခဲ့သည်။

    အငြိမ်းစားပညာရေးဝန်ထမ်း နိုင်ငွေသိန်းက မွန်စာပေနှင့် မွန်လူမျိုးတို့၏ ဘဝကို အခြေခံ၍ မူလတန်း မွန်ဖက်စာ စာအုပ်နှင့် သင်ရိုးညွှန်းတမ်းအချို့ ရေးသားပြုစုပြီးစီး ခဲ့သည်များကို ရှင်းပြပြီး အစိုးရကျောင်းတွင် ကျောင်းချိန်၌ သင်ကြားသွားနိုင်ရန် တိုက်တွန်း ပြောဆိုခဲ့သည်။
    ကျောင်းချိန်ပြင်ပ တိုင်းရင်းသားစာပေ သင်ကြားရေး အစီအစဉ် မွန်းလွဲပိုင်း (၃) နာရီမှ (၄) နာရီအထိ သင်ကြားနေမှုသည် တိုင်းရင်းသား ကလေးငယ်များ အတွက် မိခင်ဘာသာစကား တက်မြောက်ရေးအတွက် ထိရောက်မှု မရှိနိုင်ကြောင်းကိုလည်း နိုင်ငွေသိန်းက ဆက်ပြောသည်။

    ဟောပြောပွဲသို့ မွန်ပြည်နယ် မြို့နယ် ဒေသအသီးသီးမှ ပညာရှင်များ၊ ဆရေးဆရာများ၊ ကျောင်း ဆရာ ဆရာမများ၊ လူငယ်များ ၊ တက္ကသိုလ်ကျောင်းသူ/သားများ စုစုပေါင်း လူဦးရေ ၅၀ဝ ခန့် တက် ရောက်ခဲ့ကြ သည်။

    “အခမ်းအနားမှာ အမျိုးသမီးနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ တချိန်တုန်းက အမျိုးသမီးတွေ ဘယ်လောက်များ အနိုင်ကျင့်ခံရတာတွေ သိလာရတယ်၊ အခုခေတ်မှာတော့ နည်းလာပြီပေါ့ ဘာဖြစ်လို့လဲ ဆိုတော့ အမျိုးသမီးအဖွဲ့ အစည်းတွေ အမျိုးသမီးတွေအတွက် ရပ်တည်နေလို့ပါပဲ” ဟု ဟောပြောပွဲ တက်ရောက်ခဲ့သူ ရေးမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

    အလားတူ မွန်ပြည်နယ် သံဖြူဇရပ်မြို့ တွင် မြန်မာစာရေးဆရာများ ပါဝင်သည့် ပထမအကြိမ် စာပေဟောပြောပွဲကို လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်တွင် လည်းကောင်း၊ ဒုတိယအကြိမ်ကို ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းတွင်လည်းကောင်း၊ ရေးမြို့တွင်လည်း မြန်မာစာရေးဆရာများ ပါဝင်သည့် စာပေဟောပြောပွဲကို ၂၀၁၃ မတ်လ ၂ ရက်မှ ၃ ရက်နေ့များတွင် ရွှေဆံတော်စေတီ ဓမ္မာရုံတွင်လည်းကောင်း ကျင်းပခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts