spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ် အထက(၁)တွင် မွန်စာပေ စတင်သင်ကြားနေပြီ

    သံဖြူဇရပ် အထက(၁)တွင် မွန်စာပေ စတင်သင်ကြားနေပြီ

    -

    မင်းလုံး – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ အမှတ်(၁) အထက်တန်းကျောင်း၌ ယခုလဒုတိယပတ်မှစ၍ မွန်စာပေကို စတင်သင်ကြားနေပြီဟု သိရသည်။

    ကျောင်းသုံးမွန်ဖတ်စာအုပ်(Min Latt Facebook)
    ကျောင်းသုံးမွန်ဖတ်စာအုပ်(Min Latt Facebook)
    ဒုတိယတန်းမှ စတုတ္ထတန်းအထိ ကျောင်းသား/သူ ၂၀ဝ ခန့်ကို မွန်စာသင်ဆရာ/ဆရာမ ၄ ဦးဖြင့် ကျောင်းချိန်တွင်း ဖွံ့ဖြိုးရေးအချိန်တွင် မွန်စာပေသင်ကြားပေးခဲ့ရာ မွန်လူမျိုးမဟုတ်သည့် ကျောင်းသားများလည်း စိတ်ဝင်စာစွာ ပါဝင်သင်ကြားကြသဖြင့် အပြောင်းအလဲတစ်ခုအတွက် တက်ကြွပျော်ရွှင်နေကြသည်ဟု ကျောင်းအုပ်ဆရာကြီး ဦးတင်ဝင်းက ပြောသည်။

    သူက “ကျောင်းသားတွေက စိတ်ဝင်တစားနဲ့သင်ယူကြပါတယ်၊ ကျောင်းသားမိဘတွေလည်း အားပေးကြတယ်၊ ကျောင်းတွင်းဖွံ့ဖြိုးရေးအချိန်မှာ သင်တာဆိုတော့ အဲဒီအချိန်မှာ ကျောင်းသားတွေအားပြီး ဆော့ကစားနေမယ့်အစား ဘာသာစကားတစ်ခု အပိုသင်ကြားရတယ်ဆိုတော့ စိတ်ဝင်တစားနဲ့သင်ယူနေကြတာ တွေ့ရှိပါတယ်” ဟု ပြောသည်။

    ယခုအခါ ကျောင်းသား/သူ များအတွက် ကျောင်းသုံးမွန်ဖတ်စာအုပ်များကို သံဖြူဇရပ်မြို့နယ်တွင်မက မွန်စာပေသင်ကြားမည့် အခြားစာသင်ကျောင်းများသို့ ဖြန့်ဝေထားပြီဟု သိသည်။

    “အခုမွန်စာသင်ကြားတဲ့ဆရာတွေကတော့ လခမရပါဘူး၊ သူတို့ကျောင်း သူတို့မြို့ဆိုပြီး စေတနာနဲ့ လာရောက်သင်ကြားပေးတာပါ၊ ဒီနှစ်တော့ အခြေခံကနေ စသင်မှာဆိုတော့ မှီသလောက်ပဲ လုပ်ထားရပါတယ်၊ လာမယ့်ပညာသင်နှစ်တွေကျမှ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်မယ်” ဟု ကျောင်းအုပ်ကြီးက ပြောသည်။

    ယင်းကဲ့သို့ မွန်စာပေသင်ကြားရေးအတွက် အကူအညီပေးနိုင်သည့် ဖောင်ဒေးရှင်း (သို့မဟုတ်) ရံပုံငွေ တစ်ရပ်တည်ထောင်ပြီး ရေရှည်အစီအစဉ်များချမှတ်ဆောင်ရွက်နိုင်လျှင် အစိုးရစာသင်ကျောင်းများအတွင်း မွန်စာပေသင်ကြားရေးအစီအစဉ် ပို၍ထိရောက်အောင်မြင်မည်ဟု ကျောင်းအုပ်ကြီးက ဆက်ပြောသည်။

    ကျောင်းသားမိဘတစ်ဦးဖြစ်သူ နိုင်အောင်စိုးက “နောင်မျိုးဆက်ဖြစ်တဲ့ မြို့ပေါ်ခလေးတွေ မွန်စာနဲ့ စကားကို အလွယ်တကူတတ်မြောက်ဖို့ အခွင့်အလမ်းတွေပါ၊ မကောင်းတာက စတုထ္ထတန်း ကျော်သွားတဲ့ ခလေးတွေကို ကျောင်းချိန်အတွင်းမှာ မွန်စာကိုသင်ကြားခွင့်မရတဲ့ကိစ္စပါပဲ” ပြောသည်။

    သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးနောက် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနက အစိုးရစာသင်ကျောင်းများတွင် သက်ဆိုင်ရာတိုင်းရင်းသားစာပေများကို ကျောင်းချိန်ပြင်ပချိန်၌ သင်ကြားခွင့်ပြုခဲ့ပြီး ပုံနှိပ်စာအုပ်များကိုလည်း ဖြန့်ဝေခဲ့သည်ဟု သိရသည်။

    မြန်မာနိုင်ငံအမှတ်(၁) အခြေခံပညာဦးစီးဌာနတွင် စကောကရင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ မွန်၊ ရခိုင်တိုင်းရင်းသားဘာသာစာအုပ်များကိုလည်းကောင်း၊ အမှတ်(၂) အခြေခံပညာဦးစီးဌာနတွင် ဂျိန်းဖော၊ လီဆူ၊ ဇိုင်ဝါး၊ ရဝမ်၊ လော်ဝေါ်၊ လာချိဒ်၊ ကယား၊ ကယန်း၊ ကယော၊ တီးတိန်ချင်း၊ ဟားခါးချင်း၊ ဖလမ်းချင်း၊ ပအိုဝ်း၊ တိုင်းလုံးရှမ်း၊ ရှမ်းနီ၊ ဓနု၊ ပလောင်၊ အင်းသားတိုင်းရင်းသား ဘာသာစာအုပ်များကို တာဝန်ယူပုံနှိပ်လျှက် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးများသို့ အခမဲ့ဖြန့်ဝေပေးထားကြောင်း ယမန်နေ့ ကြေးမုံသတင်းစာတွင် ရေးသားဖေါ်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks