spot_img
Friday, March 6, 2026
More
    spot_img
    Homeသတင်းတပ်ရင်းမှူးငွေ ၅ သိန်းပေး စစ်သားမုဒိန်းကျင့်မှု ကြေအေးစေ

    တပ်ရင်းမှူးငွေ ၅ သိန်းပေး စစ်သားမုဒိန်းကျင့်မှု ကြေအေးစေ

    -

    မုဒိန်းမှုအရေးယူရန် မွန်ပြည်သစ်ပါတီ၏တိုင်ကြားစာ(Copy)
    မုဒိန်းမှုအရေးယူရန် မွန်ပြည်သစ်ပါတီ၏တိုင်ကြားစာ(Copy)
    မင်းသုတ – မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲအခြေစိုက် ခလရ ၃၁ တပ်ရင်း အစိုးရစစ်သားတစ်ဦးက ကျုံညဲကျေးရွာနေ မွန်တိုင်းရင်းသူတစ်ဦးအား မုဒိန်းပြုကျင့်ခဲ့မှုဖြစ်စဉ်တွင် သက်ဆိုင်ရာတပ်ရင်းမှူးက ငွေ ၅ သိန်းပေး အမှုကြေအေးလက်မှတ်ရေးထိုးစေခဲ့သည်ဟု သိရသည်။

    ခလရ ၃၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သန့်တင်စိုးက ၄င်း၏တပ်သားသိန်းဝင်း မုဒိန်းမှုကျူးလွန်ခြင်း မရှိခဲ့ကြောင်း ကာယကံရှင်မိဘ ၂ ဦးအား ကျုံညဲကျေးရွာ ရပ်မိရပ်ဖသက်သေများရှေ့မှောက်တွင် အမှုကြေအေးလက်မှတ်ရေးထိုးစေခဲ့ပြီး ဇန်နဝါရီ ၂ ရက်နေ့တွင် ငွေကျပ် ၅ သိန်း ပေးဆောင်ခဲ့သည်ဟု သက်သေအဖြစ် ပါဝင်ဆောင်ရွက်သူတစ်ဦးက ပြောသည်။

    ကျုံညဲရပ်မိရပ်ဖတစ်ဦးက “ ဒီသတင်းပေါ်ပေါက်ခဲ့ရင် ဒီမိန်းခလေးမိဘတွေ မလွယ်တော့ပြီမှတ်၊ ရွာကနေပြောင်းဖို့တောင် ဖိအားပေး ပြောဆိုမှုတွေရှိခဲ့တယ်၊ သဘောတူဖို့ လက်မှတ်ထိုးခိုင်းဆိုတော့ လက်မှတ်ထိုးလိုက်ရတာပေါ့၊ နောက် ငွေ ၅ သိန်းပို့လာတယ်” ဟု ပြောသည်။

    ခေါဇာမြို့နယ်ခွဲ၊ ကျုံညဲကျေးရွာသူ အသက် ၁၃ နှစ်အရွယ်ရှိ မွန်တိုင်းရင်းသူတစ်ဦးအား ညအချိန်(၇ နာရီခန့်) မိဘများမရှိစဉ် နေအိမ်အနီးခေတ္တစခန်းချနေထိုင်လျှက်ရှိသော စစ်သား ၃ ဦး နေအိမ်မှစာသင်ကျောင်းသို့ ခြိမ်းခြောက်ခေါ်ဆောင်သွားပြီး တပ်သားသိန်းဝင်းဆိုသူက အဓ္ဓမမုဒိန်းပြုကျင့်ခဲ့သည်ဟု ကာယကံရှင် မိန်းခလေးတိုင်ကြားမှုအပေါ် ကျုံညဲကျေးရွာအုပ်ချုပ်ရေးမှူး နိုင်ထွန်းကြည်က အတည်ပြုပြောကြားသည်။

    နိုင်ထွန်းကြည်က “အခင်းဖြစ်တာသိသိချင်း သက်ဆိုင်သူအားလုံးကို ရပ်မိရပ်ဖတွေရှေ့မှောက်မှာဘဲ ကျနော်ခေါ်စစ်တယ်၊ ဒေါသဖြစ်လွန်းလို့ အဲဒီစစ်သားကိုလည်း ကျနော်လက်သီးနဲ့ထိုးမိသေးတယ်၊ အဲဒါနဲ့ တပ်ရင်းမှူးကိုဆက်သွယ်ပြီး သူတို့တပ်စုကိုလည်း ခေါဇာမြို့ကိုချက်ချင်းပြန်ပို့လိုက်တယ်” ဟု ပြောသည်။

    ပြီးခဲ့သည့်ဒီဇင်ဘာ ၂၄ ရက်ညပိုင်းတွင် အဆိုပါမိန်းခလေးမုဒိန်းပြုကျင့်ခံရအပြီး ခေါဇာမြို့ဆေးရုံတွင် စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့ရာ မုဒိန်းမှုကျူးလွန်ခဲ့သည့်လက္ခဏာများတွေ့ရှိရကြောင်း အမည်မဖေါ်လိုသော ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

    ယင်းမုဒိန်းမှုဖြစ်ရပ်သည် ရာဇဝတ်မှုမြောက်သော်လည်း သက်ဆိုင်ရာရဲဌာနက အမှုဖွင့်အရေးယူခြင်းမရှိသေးကြောင်း မွန်ပြည်သစ်ပါတီ၊ ရေးမြို့ဆက်ဆံရေးတာဝန်ခံ နိုင်ဟလယ်က လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “ဒီအမှုအခုလို ဟိုးလေးတကျော်ဖြစ်နေတာ အားလုံးအသိ၊ မုဒိန်းမှုအမှန်ဖြစ်ခဲ့တာပဲ၊ အတင်းကြေအေးခိုင်းစေဖို့ အုပ်ထိန်းသူတွေလက်မှတ်ထိုးခဲ့ရတယ်၊ ဒါကို ရဲကအမှုဖွင့်မရဘူးဆိုနေတယ်၊ ရာဇဝတ်မှုပါ၊ တရားမမှု မဟုတ်ပါဘူး ” ဟု ပြောသည်။

    ယင်းစစ်သားမုဒိန်းပြုကျင့်သည့် ကိစ္စရပ်အား ထိရောက်စွာအရေးယူပေးရန် မွန်ပြည်သစ်ပါတီက ဇန်နဝါရီလ ၄ ရက်နေ့စွဲဖြင့် မွန်ပြည်နယ်အစိုးရထံတင်ပြထားသည်ဟု နိုင်ဟလယ်က ဆက်ပြောသည်။

    အစိုးရက လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးကိစ္စ ဆောင်ရွက်နေသော်လည်း အစိုးရစစ်တပ်က ဒေသခံအမျိုးသမီးငယ်များအား မုဒိန်းကျင့်သည့်သတင်းမှာ အစဉ်မပြတ်ကြားသိနေရဆဲ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks