Monday, March 30, 2026
More
    spot_img
    Homeသတင်းလာမည့် နှစ်ဆန်းပိုင်းမှစ၍ ဖက်ဒရယ်ပြည်ထောင်စုပါတီဝင်များ စုဆောင်းမည်

    လာမည့် နှစ်ဆန်းပိုင်းမှစ၍ ဖက်ဒရယ်ပြည်ထောင်စုပါတီဝင်များ စုဆောင်းမည်

    -

    ဖက်ဒရယ်ပြည်ထောင်စုသည့် တိုင်းရင်းသားခေါင်းဆောင်များ(Internet)
    ဖက်ဒရယ်ပြည်ထောင်စုသည့် တိုင်းရင်းသားခေါင်းဆောင်များ(Internet)
    ခတ္တာနန်း – ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် တရားဝင်နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်ပြုချက်ရရှိထားသည့် ဖက်ဒရယ်ပြည်ထောင်စုပါတီ (Federal Union Party – FUP) ၏ ပါတီဝင်များ စုဆောင်းရေးကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ၌ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုတိယခေါင်းဆောင် စောသန်းမြင့်က ပြောသည်။

    စောသန်းမြင့်က “ ကျနော်တို့ ပါတီတရားဝင် ဖြစ်ပြီးဆိုတော့ ၃ လအတွင်း ရွေးကောက်ပွဲကော်မရှင်ကို ပါတီဝင်အင်အား တစ်ထောင် စာရင်းပေးသွင်းရမယ်၊ မပေးသွင်းနိုင်ရင် ပါတီက တရားဝင်အလိုအလျှောက် ပြက်ပျယ် သွားနိုင်တယ်” ဟုပြောသည်။

    ဖက်ဒရယ်ပြည်ထောင်စုပါတီအနေဖြင့် တရားဝင်မှတ်ပုံတင်ရရှိပြီးဖြစ်သည့်အတွက် ယခုလကုန်ပိုင်းတွင် ဗဟိုကော်မတီဝင်များ ရွေးချယ်ခြင်းနှင့် ဗဟိုရုံးချုပ် (ရန်ကုန်) ၊ ရုံးချုပ်ခွဲ (မန္တလေး) တို့ကို ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်သည်။

    “ကျနော်တို့ပါတီ တရားဝင် မဖြစ်ကတည်က ကြိုတင်စုဆောင်းထားတာ ရှိပါတယ်၊ တရားဝင် အနေနဲ့တော့ မဟုတ်ဘူးပေါ့၊ အဲဒီကျနော်တို့ ပါတီဝင်တွေက ခုဆိုတရားဝင်ဖြစ်သွားပါပြီ” ဟု စောသန်းမြင့်က ဆက်ပြောသည်။

    ဖက်ဒရယ်ပြည်ထောင်ပါတီ အနေဖြစ် ပါတီဝင်များကို ကြိုတင်စုဆောင်းမှုများ ပြုလုပ်ထားကြောင်းနှင့် မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းဒေသကြီးများတွင် ပါတီဝင်အင်အား ၁ သောင်းခန့် စုဆောင်း ရရှိထားကြောင်း သိရသည်။

    ဖက်ဒရယ်ပြည်ထောင်စုပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၃၀ ဦးအထိ ခန့်မှန်းထားသော်လည်း ယခုတွင် ကိုယ်စားလှယ် ၁၉ ဦးသာ စာရင်းရရှိထားကြောင်း မွန်ပြည်နယ် ကိုယ်စားလှယ်အဖြစ် နိုင်ချမ်းတွဲ့(မွန်ပြည်သစ်ပါတီတွဲဖက်အတွင်းရေးမှူးဟောင်း) နှင့် နိုင်ခင်မောင်(ရန်ကုန်)တို့ကို ရွေးချယ်ထားကြောင်း သိရသည်။

    FUP မွန်ပြည်နယ်ကိုယ်စားလှယ် နိုင်ချမ်းတွဲ့က “ဒီလမကုန်ခင် အစည်းအဝေးခေါ်ပြီးမှ ဘာတွေဆက်လုပ်မလဲ ဆိုတာကို သိမှာပါ၊ ပါတီက အခုမှတရားဝင်ဖြစ်တယ်ဆိုတော့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဖွဲ့ပြီးမှဘဲ ဆက်လုပ်ရမယ့် အလုပ်တွေကို ပြောနိုင်မှာပါ” ဟု ပြောသည်။

    ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP သည် ညီနောင်တိုင်းရင်းသား ၁၆ ပါတီကိုအခြေခံ၍ တည်ထောင်ထားသော ပါတီဖြစ်ပြီး အဓိကရည်ရွယ်ချက်မှာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများမရှိသော တိုင်းဒေသကြီးများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

    ဖက်ဒရယ်ပြည်ထောင်စုပါတီနှင့် ဆက်စပ်သောတိုင်းရင်းသားပါတီများမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ၊ချင်းအမျိုးသား ပါတီ CNP၊ အင်းအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ (INDP)၊ “ဝ” ဒိီမိုကရက်တစ် ပါတီ (WDP)၊ ဓနူတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ ပါတီ (DNDP)၊ မွန်ဒေသလုံး ဆိုင်ရာဒိီမိုကရေစီ ပါတီ (AMDP)၊ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ ဖလုံစဝေါ် ဒီ မိုကရက်တစ် ပါတီ (PSDP)၊ ကယန်းအမျိုးသား ပါတီ (KNP)၊တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီ (TNDP)၊ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (PNO)၊တအာင်း (ပလောင်) အမျိုးသား ပါတီ (TNP)၊အရှိုချင်း အမျိုးသား ပါတီ (ACNP)၊တိုင်းရင်းသား လူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ (ENDP)နှင့် “ဝ” အမျိုးသား စည်းလုံး ညီညွှတ်ရေး ပါတီ (WNUP) နှင့် ကယားလူမျိုးစု ဒီမိုကရေစီပါတီ တို့ဖြစ်ကြသည်။

    ဖက်ဒရယ် ပြည်ထောင်စု ပါတီ (Federal Union Party) တည်ထောင်ခွင့်ကို အဖွဲ့ခေါင်းဆောင် ဒေါက်တာ ကမ်ကျင်ဒါးလ် (ယခင် ချင်းအမျိုးသားပါတီ) နှင့် ဒု ခေါင်းဆောင် စောသန်းမြင့်(ယခင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ) တို့က လွန်ခဲ့သည့်သြဂုတ်လတွင် ပြည်ထောင်စုရွေးကောက်ပွဲကောက်မရှင်သို့ စတင်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks