spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းတွင် စရဖအမည်ဖြင့်ငွေကောက်ခံနေ

    သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းတွင် စရဖအမည်ဖြင့်ငွေကောက်ခံနေ

    -

    သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းပိုင်းတစ်နေရာ(BNA)
    သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းပိုင်းတစ်နေရာ(BNA)
    မင်းသုတ – မွန်ပြည်နယ်၊ သံဖြူဇရပ်နှင့် ကရင်ပြည်နယ်၊ ဘုရားသုံးဆူကားလမ်းပိုင်းရှိ ရဲတံခွန်ရွာတွင် ခရီးသည်တင်မော်တော်ယာဉ်များထံမှ တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေး “စရဖ” အမည်ဖြင့် ဂိတ်ဖြတ်သန်းခငွေများ တောင်းခံနေသည်။

    ရဲတံခွန်ရွာရှိ “စရဖ”ဂိတ်မှူးဆိုသူသည် ခရီးသည်တင်မော်တော်ယာဉ်တစ်စီးဖြတ်သန်းလျှင် ငွေ ၅ ထောင်ကျပ် တောင်းခံသည့်အပြင် တစ်နှစ်ပြေးဆွဲခွင့် နှစ်စဉ်ကြေး ၅ သောင်းပေးဆောင်ရန်လည်း ပြောဆိုထားကြောင်း မော်တော်ယာဉ်သမားများထံမှ သိရသည်။

    ကိုယ်တွေ့ကြုံခဲ့ရသူ ယာဉ်မောင်း ကိုနိုင်က “ ကျနော် လမ်းအခြေအနေစုံစမ်းရင်း ပစ္စည်းနည်းနည်းပါးပါးတင်လာတာ တစ်ခေါက်အတွက် ၅ ထောင်၊ နှစ်စဉ်ကြေး ၅ သောင်းပါတခါထဲပေးဖို့ တောင်းတယ်၊ နောက်အခေါက်ကျမှပဲ အဆင်ပြေသလိုပေးမယ်ဆိုပြီး မနည်းတောင်းပန်လာရတာ” ဟု ပြောသည်။

    ရဲတံခွန်ရွာတွင် အဆိုပါ “စရဖ” ဂိတ်စခန်းကို သတ်သတ်မှတ်မှတ် မတွေ့ရှိနိုင်သော်လည်း ခရီးသည်တင်မော်တော်ယာဉ်များဖြတ်သန်းရောက်ရှိပါက လူတစ်ဦးထွက်လာပြီး ဟစ်အော်ခေါ်ယူသည့်နည်းဖြင့် ငွေကောက်ခံနေဟု ကားသမားများက ပြောသည်။

    ယာဉ်မောင်း ကိုထူးက “ဂိတ်တွေထဲမှာ ဒီစရဖက ဂိတ်နေရာသေသေချာချာ ဖွင့်ထားတာလည်းမဟုတ်၊ ကားအခြေအနေကြည့်ပြီး ထွက်တားတယ်၊ လက်ခံဖြတ်ပိုင်းလည်း မရှိဘူး” ဟု ပြောသည်။

    ယခုနှစ်တွင် ယခင်ထက်ဂိတ်အရေအတွက်နည်းပါးသော်လည်း ရဲတံခွန်(စရဖ)၊ ဇီးနှစ်ပင်(မွန်ပြည်သစ်ပါတီ)၊ လွှတ်ရှမ်း(ကေအဲန်ယူ)၊ အနန်းကွင်း(ရတခ-စစ်ဗျူဟာ)၊ တောင်စွန်း(အစိုးရစစ်တပ်)၊ တားဒိန်(မွန်ပြည်သစ်ပါတီ)၊ ဘုရားတောင်(DKBA)၊ ချောင်းဆုံ(စုပေါင်းဂိတ်)၊ ချောင်းဆုံ-ဘုရားသုံးဆူ(ငြိမ်းချမ်းရေးကောင်စီ-အမြှောက်တပ်-မထထ) စသည့်ဂိတ်စခန်းများ အသီးသီးဖွင့်လှစ်ထားရှိပြီး ဂိတ်ဖြတ်သန်းခအတွက် ငွေကောက်ခံနေကြောင်း မော်တော်ယာဉ်သမားများက ပြောသည်။

    တားဒိန်ရွာ ဈေးရောင်းသူ မိချိုင်းက “လမ်းဖွင့်စဆိုတော့ ခရီးသည်တွေသိပ်ကိုပါးသေးတယ်၊ တစ်နေ့ပျမ်းမျှ ခရီးသည်ကား ၁၅ ဦးလောက်လောက်ပဲရှိသေးတယ်၊ ပုံမှန်အားဖြင့် နောက်လတွေကျမှ ခရီးသည်တွေပိုများလာမယ်၊ အစိုးရကလည်း လမ်းပြင်နေတော့ ခုဆိုရင် သံဖြူဇရပ်-သုံးဆူကို နေ့ချင်းပြန်တောင် သွားလို့ရနေပြီ” ဟု ဆိုသည်။

    ယခုအခါ ဘုရားသုံးဆူမှ သံဖြူဇရပ်သို့ မိုင် ၆၀ ဝန်းကျင်ခရီးကို မော်တော်ကားဖြင့် ၆ နာရီခန့်သာ အချိန်ကြာမြင့်ပြီး ခရီးသည်တစ်ဦး မော်တော်ယာဉ်စီးခ ထိုင်းဘတ်ငွေ ၈၀ဝ ဟု သိရသည်။

    ယခင်နှစ်များတွင် ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းပိုင်းတွင် ဂိတ်ပေါင်း ၃၀ ခန့်ရှိခဲ့ပြီး တဖြည်းဖြည့်လျော့ကျလာသဖြင့် မော်တော်ယာဉ်စီးခ လူတစ်ဦး ၁၂၀ဝ ဘတ်မှ ပိုမိုလျော့ကျလာခြင်းဖြစ်သည်ဟု ကားသမားများက ပြောသည်။

    ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းတွင်း ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် အစိုးရတပ်မတော်၊ နယ်ခြားစောင့်တပ်၊ KNU, NMSP,DKBA, KNU/KNLA-PC, ပြည်သူ့စစ်အပြင် အစိုးရဌာနဆိုင်ရာများအတွက် ဂိတ်ကြေးများ ပေးဆောင်ခဲ့ရကြောင်း ယခင်သတင်းမှတ်တမ်းများက ဖော်ပြနေသည်။

    လမ်းအနေအထားအရ သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းသည် နှစ်စဉ်မိုးရာသီရောက်တိုင်း ယာဉ်အသွားအလာရပ်နားထားရပြီး ပွင့်လင်းရာသီရောက်လျှင်မော်တော်ယာဉ်များ ပြန်လည်ပြေးဆွဲသည့်အခါ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက ဂိတ်စခန်းများဖွင့်လှစ်၍ ငွေကောက်ခံနေကြသည်မှာ အစဉ်အလာတရပ်ပင် ဖြစ်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts