spot_img
Sunday, January 25, 2026
More
    spot_img
    Homeသတင်းမွန်ဂီတအနုသုခုမဆရာများအား ဂုဏ်ပြုပွဲကျင်းပမည်

    မွန်ဂီတအနုသုခုမဆရာများအား ဂုဏ်ပြုပွဲကျင်းပမည်

    -

    မင်းသုတ – ဝါရင့်မွန်ဂီတအနုသုခုမပညာရှင်ဆရာများအား ဂုဏ်ပြုပွဲ အခမ်းအနားကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၌ လာမည့်ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။

     ဂီတမွန်၏ ဆရာပူဇော်ပွဲပိုစတာ(ဂီတမွန်)
    ဂီတမွန်၏ ဆရာပူဇော်ပွဲပိုစတာ(ဂီတမွန်)
    လက်ရှိနာမည်ကြီးခေတ်ပေါ်တီးဝိုင်းတစ်ခုဖြစ်သော “ဂီတမွန် GITA MON MUSIC BAND” အဖွဲ့တည်ထောင်ခြင်း အနှစ် ၃၀ ပြည့်မြောက်သည့်အခမ်းအနား ထိုနေ့တွင်ကျင်းပမည်ဖြစ်ရာ လက်ရှိမွန်တေးဂီတလောက ထွန်းကားလာရေးအတွက် ကြိုးပမ်းလာခဲ့သည့် ဝါရင့်ဂီတအနုသုခုမဆရာများအား မွန်လူငယ်ဂီတ အနုပညာရှင်များက ပူဇော်ဂုဏ်ပြုခြင်းဖြစ်ကြောင်း “ဂီတမွန်” တီးဝိုင်းခေါင်းဆောင် ဇာတိနိုင်က လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဇာတိနိုင်က “ဒီကနေ့ မွန်အမျိုးသားဂီတရေစီးကြောင်း ရှင်သန်လာဖို့အတွက် အဖက်ဖက်က ကြိုးပမ်းလာတဲ့ ကျနော်တို့ရဲရှေ့ဆောင် အနုသုခုမဆရာတွေကို ဂုဏ်ပြုပူဇော်တာပါ၊ ဒီပွဲဖြစ်မြောက်ဖို့က ကျနော်တို့ဂီတမွန်အဖွဲ့သားတွေအပြင် လက်ရှိမွန်အဆိုတော်တွေအားလုံး ပါဝင်တက်ရောက်ဆင်နွှဲကြမယ့်ပွဲပါ” ဟု ပြောသည်။

    ယင်းကဲ့သို့ဂုဏ်ပြုသတ်မှတ်ခံရသူ မွန်အနုသုခုမဆရာ (၁၆) ဦးတွင် ဆရာတော်ဘဒ္ဒန္တကေတုမာလာ (စက်မှုနည်းပညာ)၊ ကန္တာဂျနူမာန်(တေးရေး)၊ ဗညားတလနိုင်(တေးရေး)၊ မွန်ချမ်းမွန်(တေးရေး)၊ ခေမာနွန်(တေးရေး) စသည့် မွန်သံဃာတော် ၅ ပါးအပြင် မွန်ချမ်း(ဆို၊ တီး၊ ရေး)၊ မင်းကျန်ရစ်(အဆို)၊ မင်းရွှေကိတ်(ခ) ရာမညမိုးဆွေ(တီး၊ ရေး၊ ဂီတဆရာ)၊ တလဗန်း(တေးရေး)၊ နိုင်ငွေသိန်း(ခ)ဂျနူမွန်(တေးရေး)၊ အိုင်းမွန်(ဆို၊ တီး၊ ရေး-ဂီတမှူး)၊ နိုင်ဟံသာ(ခ) ဟင်္သာနီ(တေးရေး)၊ ဇဲ့ဟာန်မွန်(ဆို၊ တီး၊ ရေး)၊ ရာမညမင်းအောင်သန်း(ဆို၊ တီး၊ ရေး)၊ ဗညားအောင်(တီး၊ ရေး-ဂီတမှူး)နှင့် ထောဗု(တေးရေး) တို့ပါဝင်ကြောင်း ပိုစတာများတွင် ဖေါ်ပြထားသည်။

    “ကွယ်လွန်ခဲ့ပြီးဖြစ်ကြတဲ့ ဆရာကွန်းချမ်းမွန်၊ ယနေ့ဟံသာ၊ တလမွန်၊ မင်းကိုသာ၊ ဒူးရင်းအိန်တို့ကိုလည်း သီးသန့်ဂုဏ်ပြုတဲ့အစီအစဉ်တွေအပြင် အခြားဝါရင့်အဆိုတော်တွေကိုလည်း ဂုဏ်ပြုတဲ့အစီအစဉ်တွေပါရှိပါတယ်” ဟု ဇာတိနိုင်က ဆက်ပြောသည်။

    သံဖြူဇရပ်မြို့၊ ကြာကန်အားကစားကွင်း၌ ဒီဇင်ဘာ ၉ ရက်နေ့ညပိုင်းတွင် အနယ်နယ်အရပ်ရပ်မှ ထင်ရှားသောမွန်အဆိုတော်များ၏ Live Show သီဆိုဖြေဖျော်ပွဲများဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ခြင်း၊ ဒီဇင်ဘာလ ၁၀ ရက်နေ့နံနက်ပိုင်း၌ နန္ဒဝန်မွန်ပရိယတ္တိစာသင်တိုက်တွင် သံဃာတော်များအား ဆွမ်းကျွေးအလှူဒါနပြုခြင်း၊ ညပိုင်းတွင် စင်မြင့်ပေါ် ဂုဏ်ပြုမည့်အစီအစဉ်များ ပါရှိသည်ဟု ဆိုသည်။

    “လျးဟံသာ” တီးဝိုင်းမှအနားယူခဲ့သူ ဂီတမှူးအိုင်းမွန်က ၁၉၈၄ ခုနှစ်တွင် “ဂီတမွန်” တီးဝိုင်းအား စတင်ဖွဲ့စည်းတည်ထောင်ပြီး လက်ရှိမျိုးဆက်သစ်ဂီတအနုပညာရှင်များအား ဆက်လက်မွေးထုတ်ခဲ့ခြင်း ဖြစ်သည်။

    ယင်းမတိုင်မီ မွန်တိုင်းရင်းသားတို့၏ ပထမဦးဆုံး“လျးဟံသာ” ခေတ်ပေါ်တီးဝိုင်းကို ၁၉၇၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ရာ ဆရာတော်ဘဒ္ဒန္တကေတုမာလာ၊ နိုင်ငွေသိန်း(ခ)ဂျနူမွန်၊ မင်းကျန်ရစ်(လျးဟံမန်)၊ မင်းအဏ္ဏဝါမွန်(မျိုးညွန့်)၊ အိုင်းမွန်၊ မွန်ချမ်း၊ ဇော်လတ်(ဟံသာမာန်)၊ မင်းရွှေကိတ်(ရာမညမိုးဆွေ)နှင့် ဗညားတလနိုင်တို့ အဓိကပါဝင်လှုပ်ရှားခဲ့သည်ဟု သိရသည်။

    ၁၉၇၄ ခုနှစ်မတိုင်မီကာလများတွင် မွန်ရှေးဟောင်းသီချင်းများဖြင့် ရိုးရာတေးဂီတစင်တင်ပွဲများသာရှိခဲ့ပြီး “လျးဟံသာ” ခေတ်ပေါ်တီးဝိုင်း ပေါ်ပေါက်လာသည့်နောက်ပိုင်း၌ လျှပ်စစ်ဂစ်တာ၊ ကီးဘုတ်၊ စန္ဒယား၊ ဒရမ်များဖြင့် သီဆိုသော ခေတ်ပေါ်မွန်တီးဝိုင်းများ စတင်ဖြစ်ပေါ်လာသည်။

    “လျးဟံသာ” တီးဝိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ မင်းအဏ္ဏဝါမွန်က “လျးဟံသာတီးဝိုင်း အရှိန်ကောင်းလာတဲ့ကာလ ၁၉၇၇ ခုနှစ် ဖားအောက်ရိုးဂိုးရွာ မွန်အမျိုးသားနေ့အခမ်းအနားကျင်းပအပြီး ၁၇/၁ ပုဒ်မဆိုပြီး ကျနော့်ကိုစစ်ထောက်လှန်းရေးတွေလာဖမ်းသွားတယ်၊ ၃ လနဲ့ရက်ပေါင်း ၂၀ တိတိ မော်လမြိုင်ကန်သုံးကန်၊ ထောက်လှန်းရေးစစ်ကြောရေးမှာ အချုပ်ခံခဲ့ရတယ်၊ တီးဝိုင်းနဲ့စက်ပစ္စည်းအားလုံး သိမ်းဆည်းခံလိုက်ရတယ်”ဟု ပြောသည်။

    ယင်းကဲ့သို့ လျးဟံသာ မွန်တီးဝိုင်းစက်ပစ္စည်းများ ထောင်ချသိမ်းဆည်းခံရပြီးနောက်ပိုင်းတွင် ခေတ်ပေါ်မွန်တေးဂီတများဖြင့် ကက်ဆက်အသံသွင်းတိတ်ခွေစီးရီးအများအပြား ဆက်လက်ထုတ်လုပ်ဖြန့်ချိလာသည့်အပြင် မွန်တီးဝိုင်းအဖွဲ့နှင့် ဇာတ်သဘင်အဖွဲ့ အများအပြား ပေါ်ပေါက်လာသည်ကို တွေ့ရှိခဲ့ရသည်။

    လက်ရှိ “ဂီတမွန်” တီးဝိုင်းသည် မွန်တိုင်းရင်းသားတို့၏ ဒုတိယမြောက်ဖွဲ့စည်းတည်ထောင်ခဲ့သည့် တီးဝိုင်းအဖွဲ့ဖြစ်ပြီး သက်တမ်းအရှည်ကြာဆုံး မွန်တီးဝိုင်းအဖြစ် ဆက်လက်ရပ်တည်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts