spot_img
Sunday, January 25, 2026
More
    spot_img
    Homeသတင်းသမ္မတအပြောထက် လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု မွန်ခေါင်းဆောင်ပြော

    သမ္မတအပြောထက် လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု မွန်ခေါင်းဆောင်ပြော

    -

    သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းပြောကြားချက်တရပ်(သမ္မတရုံးဝဘ်ဆိုဒ်)
    သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းပြောကြားချက်တရပ်(သမ္မတရုံးဝဘ်ဆိုဒ်)
    မင်းသုတ – ခေတ်အဆက်ဆက်အုပ်ချုပ်လာသူမြန်မာအစိုးရအပေါ် တိုင်းရင်းသားများယုံကြည်မှု ပျောက်ဆုံးနေသဖြင့် သမ္မတဦးသိန်းစိန်သည် အပြောထက် လက်တွေ့အကောင်အထည် ဖော်ရန်လိုအပ်သည်ဟု မွန်အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သူ မွန်ဒီမိုကရေစီပါတီ MDP ဥက္ကဌ နိုင်ငွေသိမ်းက ပြောသည်။

    သမ္မတဦးသိန်းစိန်၏ ယနေ့ ဒီဇင်ဘာ ၁ ရက်နေ့ ရေဒီယိုမိန့်ခွန်းတရပ်တွင် “လိုင်ဇာဆွေးနွေးပွဲနဲ့ဆက်စပ်ပြီး မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားအဖွဲ့ပေါင်းစုံတို့ရဲ့ ဆွေးနွေးညှိနှိုင်းမှုများဟာလည်း အောင်မြင်မှုရရှိပြီး တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးအတွက် အဆင့်ဆင့် ဖြစ်ထွန်းမှုများ ဖြစ်တယ်ဆိုတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်ကို ထောက်ပြခြင်း ဖြစ်သည်။

    နိုင်ငွေသိမ်းက “အခုလိုညှိနှိုင်းနေဆဲကာလတွေမှာ အောင်မြင်မှုရရှိပြီးလို့ ပြောမရသေးပါဘူး၊ ဒါတောင်မှ မြစ်ကြီးနားမှာ တစ်ကြိမ်ပဲတွေ့ဆုံဖြစ်သေးတယ်၊ ကျနော်သိရသလောက်တော့ တိုင်းရင်းသားတွေနဲ့ အစိုးရဘက်အမြင်တွေက ဟိုဘက်ဒီဘက် ဘက်နှစ်ဘက်သိပ်ကိုကွာဟနေသေးတယ်” ဟု ပြောသည်။

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တော်၌ လွန်ခဲ့သည့်နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သော အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့တို့၏ ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် အချိန်အနည်းငယ်မျှ အပြန်အလှန်ဆွေးနွေးပြီး လက်မှတ်ထိုးခြင်းမရှိသည့် နှစ်ဖက်ပူးတွဲထုတ်ပြန်ကြေညာချက်ကို သတင်းထောက်များအား မြန်မာငြိမ်းချမ်းရေးစင်တာက လာရောက်ဝေငှခြင်းဖြင့် အဆုံးသတ်ခဲ့ကြသည်ကို သူကထောက်ပြသည်။

    ယင်းထုတ်ပြန်ချက်ပါ ၆ ချက်အနက် နိုင်ငံရေးသဘောတူညီချက်ရရှိနိုင်ရေးအတွက်(က) တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး၊(ခ) နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်များ၊ (ဂ) နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကျင်းပခြင်းအပြင် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ပြန်လည်တွေ့ဆုံဆွေးနွေးကြရန် နှစ်ဖက်သဘောတူညီခဲ့ကြသည်။

    ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “အစိုးရတင်ပြထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ်မူကြမ်းမှာ ကျနော်တို့ ဘယ်လိုမှလက်မခံနိုင်တဲ့အချက်တွေ ပါနေတယ်၊ ဒီအတွက်ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကြန့်ကြာသွားမှာကိုလည်း စိုးရိမ်မိတယ်” ဟု ပြောသည်။

    အစိုးရ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ်မူကြမ်းတွင် တပ်စခန်းအသစ်များတည်ဆောက်ခြင်း၊ တပ်ဖွဲ့ဝင်သစ်များစုဆောင်းခြင်း၊ လက်နက်ခဲယမ်းများ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်းနှင့် စုဆောင်းခြင်းတို့အား မပြုလုပ်ရန် စသည့်အချက်များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား သွယ်ဝိုက်သောနည်းလမ်းဖြင့် လက်နက်ချစေခြင်းသာ ဖြစ်သည်ဟုလည်း သူကထောက်ပြသည်။

    ထို့အပြင် တိုင်းရင်းသားအဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ပြီးခဲ့သည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ အစိုးရအားတင်ပြမည့် အချက် ၁၁ ခေါင်းစဉ်ပါ ငြိမ်းချမ်းရေးမူဘောင် အသေးစိတ်အချက်အလက်များ အချောသတ်ရေးဆွဲပြီးဟု သိရသည်။

    ထိုနောက် NCCT အနေဖြင့် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တက်ရောက်မည့် ဖားအံငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်မီ KNU ဗဟိုဌာနချုပ်တွင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အားလုံးပါဝင်သော ညီလာခံတရပ်ပြုလုပ်၍ အထက်ပါငြိမ်းချမ်းရေးမူဘောင် အသေးစိတ်အချက်အလက်များ အတည်ပြုချက်ရယူကြမည် ဖြစ်သည်။

    အရပ်သားအစိုးရတက်လာပြီးနောက် ၂ဝ၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့တွင် ငြိမ်းချမ်းရေးကို စတင်ဖိတ်ခေါ်ခဲ့ပြီး အစဦးကာလများတွင် ယခုငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မယုံကြည်မှု၊ သံသယဖြစ်မှု များစွာရရှိခဲ့သော်လည်း နှစ်နှစ်တာကာလအတွင်း အပစ်အခတ်ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့သည်ဟု သမ္မတဦးသိန်းစိန်၏ ယနေ့ရေဒီယိုမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

    ၂၀၁၁ ခုနှစ် မတ် ၃၀ ရက်မှစတင်၍ သမ္မတ ဦးသိန်းစိန် ဦးဆောင်သောအစိုးရအဖွဲ့တာဝန်ယူခဲ့ပြီး သုံးနှစ်နီးပါးသို့ ရောက်ရှိလာချိန်အထိ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ဆက်စပ်ပြီး ပြည်သူလူထု (သို့မဟုတ်) ပြည်သူလူထုနှင့် သက်ဆိုင်သော သမ္မတမိန့်ခွန်းအရေအတွက် (၆၇) ကြိမ်ထက်မနည်း ပြောကြားခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။

    ယင်းပြောကြားချက်များတွင် ပြည်သူလူထုသို့ သတင်းစကားပါးခြင်း၊ အစိုးရအဖွဲ့၏ ရည်မှန်းချက်များတင်ပြခြင်းနှင့် ကတိကဝတ်ပြုခြင်းများစွာ ပါဝင်ခဲ့သည်ကို တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts