Friday, March 13, 2026
More
    spot_img
    Homeသတင်းWCRP က “ငှားရမ်းစေခိုင်းခြင်း ခံနေရသောကလေးများ” အစီရင်ခံစာထုတ်

    WCRP က “ငှားရမ်းစေခိုင်းခြင်း ခံနေရသောကလေးများ” အစီရင်ခံစာထုတ်

    -

    ခတ္တာနန်း – မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း၏ အမျိုးသမီးနှင့် ကလေးအခွင့်အရေးအစီအစဉ် The Woman and Child Rights Project (WCRP) က “ငှားရမ်းစေခိုင်းခြင်း ခံနေရသောကလေးများ” ဟူသော ခေါင်စဉ်ဖြင့် မွန်ဒေသအတွင်း အလုပ်လုပ်ကိုင်နေကြရသည့် အသက်မပြည့်သည့် ကလေးအလုပ်သမား ဘဝပုံရိပ်များ အစီရင်ခံစာ တစ်စောင်ကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ကလေးများနေ့၌ ထုတ်ပြန်ခဲ့သည်။

    ငှားရမ်းစေခိုင်းခြင်း ခံနေရသောကလေးများ အစီရင်ခံစာမျက်နှာဖုံး (WCRP)
    ငှားရမ်းစေခိုင်းခြင်း ခံနေရသောကလေးများ အစီရင်ခံစာမျက်နှာဖုံး (WCRP)
    အမျိုးသမီးနှင့် ကလေးအခွင့်အရေးအစီအစဉ်မှ Program Coordinator မိထောချမ်းက “အဓိက ကတော့ အသက်မပြည့်ပဲ အလုပ်လုပ်နေရတဲ့ ကလေးတွေကို မြန်မာအစိုးရကနေပြီး အသိအမှတ်ပြုစေချင်တယ်၊ နောက်ပြီး ကျေးလက်ဒေသတွေမှာလည်း ဒီလို ကလေးမျိုးတွေ အများကြီးရှိနေတယ်ဆိုတာကို နိုင်ငံတကာက သိအောင် အသိအမှတ်ပြုအောင် ရည်ရွယ်ပြီး ဒီအစီရင်ခံစာထုတ်တာပါ” ဟုပြောသည်။

    မွန်ဒေသအတွင်း အရွယ်မရောက်သေးသော်လည်း အလုပ်လုပ်နေရသည့် ကလေးအများစုမှာ ရာဘာခြံလုပ်ငန်း၊ ကွမ်းသီးခြံလုပ်ငန်များတွင် အလုပ်လုပ်နေကြရကြောင်း၊ ကလေးအလုပ်သမားအများစုကို လူမြင်ကွင်းမြို့ပေါ်များတွင်သား မြင်တွေကြလေ့ရှိပြီး ရပ်ရွာကျေးလက်ဒေသတွင်းရှိ ကလေးများကို လစ်လျှူရှုထားကြောင်း ထို့ကြောင့် မိမိတို့အနေဖြင့် ထိုကျေးလက်ဒေသများတွင် ဘဝနေထိုင်ရေးအတွက် ရုန်းကန် အလုပ်လုပ် နေကြရသည့် ကလေးများရှိနေကြောင်းကို သိသာမြင်သာစေရန် အစီရင်ခံ ထုတ်ပြန်ရကြောင်း မိထောချမ်းက ဆက်ပြောသည်။

    မိထောချမ်းက “ ဒီလို အသက်မပြည့်ဘဲ အလုပ်လုပ်နေရတဲ့ ကလေးတွေအရေးကိစ္စနဲ့ပတ်သက်ပြီး ကျမတို့ အဖွဲ့အနေနဲ့ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးဘူးပါတယ်” ဟု ပြောသည်။

    အသက်မပြည့်သော ကလေးစစ်သားများနှင့် ကလေးအလုပ်သမားများကိစ္စရပ်နှင့် ပတ်သက်၍ အချက်အလက်များစုဆောင်းပြီး လွှတ်တော်သို့ တင်သွင်းနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးကော်မတီရေးရာ ဥက္ကဌ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာဗညာအောင်မိုးက ပြောသည်။

    ဒေါက်တာဗညာအောင်မိုးက “ ခုလောလောဆယ် ပြည်ထောင်စုလွှတ်တော်က ချပေးတဲ့ တစ်မြို့နယ် သိန်း ၁ ထောင်မှာ ကလေးအစီအစဉ်အတွက် သီးသန့်ရယ်လို့ ကျနော်တို့ စီစဉ်ထားတာမရှိသေးဘူး၊ ဆင်းရဲမွဲတေမှု လျှော့ချတဲ့ အစီအစဉ်အရ ကျေးလက်ပြည်သူတွေရဲ့ စီးပွားရေး၊ လယ်ယာမြေ၊ လမ်းပမ်းဆက်သွယ်ရေးအတွက်ကို ပိုပြီး ဦးစားပေးထားပါတယ်” ဟု ဆက်ပြောသည်။

    ကျေးလက်ပြည်သူများဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှုဆိုင်ရာ အစီအစဉ်နှင့် ပတ်သက်၍ လွန်ခဲ့သည့် ဧပြီလတွင် ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေး၌ ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုမည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက် ပြည်ထောင်စုလွှတ်တော်မှ ကျပ် ၃၃ ဘီလီယံ ချပေးထားပြီး ဖြစ်ကြောင်း၊ ထိုဘတ်ဂျက်ငွေများကို ဦးစားပေး အစီအစဉ် ၅ ခုတွင် ကျေးလက်ရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကို အကောင်အထည်ဖော်ရန်အတွက်ဖြစ်သည်ဟု ဆိုသည်။

    မွန်ဒေသအတွင်းရှိ ကလေးသူငယ်များ တစတစ တိုးပွားလာနေသည့် အချက်နှင့် ဆင်းရဲမွဲတေမှုကြောင့် မိသားစု ဘဝရုန်းကန်နေမှုအတွက် အလုပ်လုပ်နေကြရသည့် ကလေးငယ် အများအပြား ရှိနေကြောင်း၊ သို့ရာတွင် ထိုကလေးများသည် လုံလောက်သည့် အစားအစာ၊ အခြေခံကျန်းမာရေးနှင့် ပညာရေးဆိုင်ရာများ ခံစားခွင့်မရှိသေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

    အမျိုးသမီးနှင့် ကလေးအခွင့်အရေးအစီအစဉ် (WCRP) မှ စစ်တမ်းကောက်ယူထားသော ကျေးလက်နေမွန်ဒေသရှိ ကလေးအလုပ်သမားအချိုးအစားမှာ ၅ နှစ်မှ ၁၁ နှစ်အကြားကလေးငယ် ၃၁ ဒသမ ၁ ရာခိုင်နှုန်း၊ ၁၂ နှစ် မှ ၁၄နှစ် အရွယ်ကလေး ၄၄ ဒသမ ၄ ရာခိုင်နှုန်း၊ ၁၅နှစ် မှ ၁၇နှစ် အရွယ် ၂၄ ဒသမ ၄ ရာခိုင်နှုန်းတို့ ရှိကြောင်း သိရသည်။

    မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းကို ၁၉၉၅ ခု ဇွန်လတွင်စတင်ဖွဲ့စည်းခဲ့ပြီး ကဏ္ဍ ၄ ခုခွဲ၍လှုပ်ရှားလျှက်ရှိရာ အမျိုးသမီးနှင့် ကလေးအခွင့်အရေးအစီအစဉ် The Woman and Child Rights Project (WCRP) လည်း တစ်ခုအပါအဝင်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks