Monday, March 30, 2026
More
    spot_img
    Homeသတင်းလာမည့်သီတင်းပတ်တွင် ဖက်ဒရယ်ပြည်ထောင်စုပါတီ CEC ရွေးချယ်မည်

    လာမည့်သီတင်းပတ်တွင် ဖက်ဒရယ်ပြည်ထောင်စုပါတီ CEC ရွေးချယ်မည်

    -

    FUP ပါတီတည်ထောင့်ခွင့်ပြုသည့် သတင်းစာဖြတ်ပိုင်း(မြန်မာ့အလင်း)
    FUP ပါတီတည်ထောင့်ခွင့်ပြုသည့် သတင်းစာဖြတ်ပိုင်း(မြန်မာ့အလင်း)
    ခတ္တာနန်း – တိုင်းရင်းသား ၁၆ ပါတီကိုအခြေခံ တည်ထောင်ထားသော ဖက်ဒရယ်ပြည်ထောင်စုပါတီ (Federal Union Party) ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များအား လာမည့်သီတင်းပတ်တွင် ရွေးချယ်သွားမည်ဖြစ်ကြောင်း ပါတီ FUP ဦးဆောင်သူ စောသန်းမြင့်က ပြောသည်။

    စောသန်းမြင့်က “ ပါတီတည်ထောင်ခွင့်ကျပြီးဆိုတော့ သူတို့ရဲ့ စည်းမျဉ်းအတိုင်းပဲ ရက် ၃၀ အတွင်း ပါတီရဲ့ “ပ – ဒု” ခေါင်းဆောင် ရွေးရမယ် ပြီးရင် တည်ထောင်ခွင့် ပြန်လျှောက်ရပါမယ်” ဟု ပြောသည်။

    ဖက်ဒရယ်ပြည်ထောင်စုပါတီကို နိုင်ငံရေးပါတီအဖြစ်တည်ထောင်ခွင့်ကို ယခုလ ၂၈ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီတည်ထောင်ခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း အစိုးရသတင်းစာများတွင် ကြေညာခဲ့သည်။

    ဆက်လက်၍ ဖက်ဒရယ်ပြည်ထောင်စုပါတီ တည်ထောင်သူများ အစည်းအဝေးကို လာမည့် ဗုဒ္ဓဟူးနေ့(နိုဝင်ဘာ ၆ ရက်) တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ထိုအစည်းအဝေးတွင် ဗဟိုကော်မတီအဖွဲ့ဝင်များကို ဆက်လက် ရွေးချယ်သွား မည်ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်စဉ်များကိုလည်း ထိုအစည်းအဝေးတွင် ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

    “ဗဟိုအလုပ်မှုဆောင်ရွေးတဲ့နေရာမှာတော့ လက်ရှိ ၁၆ ဖွဲ့က ကိုယ်စားလှယ်တွေပါမယ် နောက်ထပ် ကျနော်တို့အဖွဲ့ထဲကိုဝင်မယ့် ထားဝယ်၊ လီစူးနဲ့ ABSDF ကျောင်းသားအဖွဲ့တို့ထပ်ပါမယ်ဆိုတော့ CEC ဖွဲ့တဲ့အခါမှာ ဒီ ၁၉ ဖွဲ့က ကိုယ်စားလှယ်တွေပါဝင်မှာပါ” ဟု စောသန်းမြင့်က ဆက်ပြောသည်။

    ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP ၏ မွန်ကိုယ်စားလှယ်အဖြင့် မွန်ပြည်သစ်ပါတီ၏ တွဲဖက်အတွင်းရေးမှူးဟောင်း နိုင်ချမ်းတွဲ့နှင့် မွန်ဒေသလုံဆိုင်ရာဒီမိုကရေစီပါတီ၏ ဗဟိုကော်မတီဝင်ဟောင်း နိုင်ခင်မောင်တို့ ပါဝင်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

    နိုင်ငွေသိန်းက “ဖက်ဒရယ်ပြည်ထောင်စုပါတီထဲကို ဝင်ရင် ကိုယ့်ရဲ့ မိခင်ပါတီကနေထွက်ရမယ်၊ ဒီတော့ နိုင်ခင်မောင်ကတော့ ပါတီကနေ နှုတ်ထွက်ထားပြီးပြီ၊ နိုင်ချမ်းတွဲ့ကတော့ မွန်ပြည်သစ်ကနေ ထွက်ခဲ့တာကြာလှပြီ” ဟု ပြောသည်။

    ဖက်ဒရယ်ပြည်ထောင်စုပါတီ၏ မူဝါဒမှာ မြန်နိုင်ငံသားအားလုံး တန်တူညီမျှသည့် အခွင့်အရေးရရှိရန်၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာရေး၊ ပြည်သူပြည်သားအားလုံး နိုင်ငံရေး၊ စီးပွာရေး၊ လူမှုရေး၊ ဘာသာရေးအားလုံး တန်တူညီမျှသော အခွင့်အရေးရရှိရန်အတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း စောသန်းမြင့်က ဆက်ပြောသည်။

    ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) ၏ မူဝါဒသဘောထားနှင့် ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ထို့ CEC ရွေးချယ်မည့် အစည်းအဝေးတွင် အတည်ပြုသွားမည်ဖြစ်သည့်အပြင် ညီနောင် ၁၆ ပါတီအနေဖြင့် လာမည့် နိုဝင်ဘာလ ၂ – ၃ ရက်နေ့တွင်လည်း တိုင်းရင်းသားကာကွယ်စောင့်ရှောက်ရေး ဥပဒေနှင့်ပတ်သက်၍ အချောသတ် ဆွေးနွေးပွဲပြုလုပ်၍ ဆုံးဖြတ်ချက် ချသွားမည်ဖြစ်ပြီး၊ ရရှိလာမည့် ဆုံးဖြတ်ချက်များကို လွှတ်တော်ရှိ အခြေခံဥပဒေမူကြမ်းကော်မတီကို ဆက်လက်တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။

    ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP သည် ညီနောင်တိုင်းရင်းသား ၁၆ ပါတီမှအခြေခံ၍ တည်ထောင်ထားသော ပါတီဖြစ်ရာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ “ဝ” ဒီမိုကရက်တစ်ပါတီ၊ “ဝ” အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊ ကယန်းအမျိုးသားပါတီ နှင့် ကယားလူမျိုးစု ဒီမိုကရေစီပါတီ တို့က ပံ့ပိုးမှုပေးခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks