spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းလာမည့်နှစ်တွင် မွန်ပြည်နယ် ဘတ်ဂျက်လိုငွေဆက်ပြနေမည်

    လာမည့်နှစ်တွင် မွန်ပြည်နယ် ဘတ်ဂျက်လိုငွေဆက်ပြနေမည်

    -

    တိုင်းနှင့်ပြည်နယ်အသီးသီးအတွက် ဘဏ္ဍာရေးခွဲဝေမှုအခြေပြမျဉ်း(The Asia Foundation)
    တိုင်းနှင့်ပြည်နယ်အသီးသီးအတွက် ဘဏ္ဍာရေးခွဲဝေမှုအခြေပြမျဉ်း(The Asia Foundation)
    ဂျူရီချိုင်း – မွန်ပြည်နယ်တွင် လမ်းတံတားများနှင့် အဆောက်အအုံသစ်ဆောက်လုပ်နေခြင်းကြောင့် ယခုဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းတွင် လိုငွေထပ်မံဖြစ်ပေါ်နေကြောင်း သိရသည်။

    ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် မွန်ပြည်နယ်ရသုံးခန့်မှန်းခြေ စာရင်းတွင် ငွေကျပ်သန်းပေါင်း ၁၄၁၃၈ ဒသမ ၉၅၅ လိုငွေပြလျှက်ရှိရာ လက်ရှိဖြစ်ပေါ်နေသော အနေအထားအရ အသစ်ရေးဆွဲနေသည့် ငွေစာရင်းတွင်လည်း ဘဏ္ဍာရေးလိုငွေ ထပ်မံရှိနေမည်ဟု မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    သူက “အခု ကျနော်တို့ ညှိနှိုင်းရေးဆွဲနေချိန်မှာ လိုငွေအတော်များများ ရှိနေတာကို တွေ့ရှိနေရတယ်၊ လာမယ့်ဒီဇင်ဘာလလောက်မှ အတိအကျ သိနိုင်မယ်” ဟု ပြောသည်။

    ထို့အပြင် ယခုနှစ်အတွင်း လမ်းသစ် ၊ တံတားသစ်၊ အဆောက်အအုံသစ်၊ ရုံးသစ်များ တည် ဆောက်ရန်ရှိနေသည့်အတွက်လည်း မွန်ပြည်နယ်၏ အသုံးစရိတ် ပိုမိုလိုအပ်လာခြင်းဖြစ်ကြောင်း ၊ ယခုပြင်ဆင်ရေးဆွဲလိုက်သည့် ရသုံးခန့်မှန်းခြေ ငွေစာရင်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။

    ဒေါက်တာအောင်နိုင်ဦးက “ကျနော်တို့ မွန်ပြည်နယ်မှာဆို လမ်းပန်းဆက်သွယ်ရေး မဖွံ့ဖြိုးသေးတာကို ပြည်သူတွေက တောင်းဆိုမှုများတယ်၊ ဥပမာ- ရေး-လမိုင်း-ရန်ကုန် အထိလမ်းပိုင်းတွေပေါ့၊ ဒါကိုပြည်ထောင်စုအစိုးရက ချုပ်ကိုင်ထားတယ်၊ ကျနော် တို့ပြည် နယ်အနေနဲ့ ကျနော်တို့လုပ်ပိုင်ခွင့်တွေအပြင် လိုအပ်တဲ့ဘဏ္ဍာငွေသုံးစွဲပိုင်ခွင့်လည်းရှိသင့်တယ်” ဟု ပြောသည်။

    ပြည်နယ်နှင့် တိုင်းဒေသကြီးများနှင့်သက်ဆိုင်သည့် ဘက်ဂျက်ခွဲဝေမှုများကို ပြည်ထောင်စုလွှတ်တော်က ချုပ်ကိုင်ထားသဖြင့် ပြည်ထောင်စုစနစ် ဘဏ္ဍာရေးခွဲဝေမှုတွင် အားနည်းမှုရှိနေပြီး ဗဟိုချုပ်ကိုင်မှုအပိုင်းကို လျှော့ချပေးသင့်သည်ဟုလည်း လွှတ်တော် ကိုယ်စားလှယ်များက လိုလားနေကြသည်။

    အလားတူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက “ပြည်ထောင်စုအစိုးရရဲ့ စုစုပေါင်းဘက်ဂျက်တွေထဲက ၃.၆ ရာခိုင်နှုန်းကိုပဲ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကို ခွဲဝေပေးထားတာ” ဟု ပြောသည်။

    ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ လတ်တလောဘက်ဂျက်သုံးစွဲရာတွင် ပညာရေးနှင့် ကျန်းမာရေး ဌာနများအတွက် ပိုမိုသုံးစွဲမှုများပြားလာကြောင်း တွေ့ရှိရသည်။

    ပြည်ထောင်စုအစိုးရက ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးအသီးသို့ တစ်ဦးကျခွင့်ပြုဘက်ဂျက် ခွဲဝေသုံးစွဲရာတွင် ရန်ကုန်တိုင်းဒေသကြီးသည် အများဆုံး၊ မွန်ပြည်နယ်သည် ဒုတိယအနိမ့်ဆုံးရှိပြီး ပဲခူးတိုင်းဒေသကြီးအတွက် ဘဏ္ဍာရေးခွဲဝေမှုသည် မြန်မာပြည်တွင် အနိမ့်ဆုံးဖြစ်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts