spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူဈေးသစ် မြန်မာအင်ဂျင်နီယာနှင့် မတည်ဆောက်ဟု ဝန်ကြီးပြော

    ဘုရားသုံးဆူဈေးသစ် မြန်မာအင်ဂျင်နီယာနှင့် မတည်ဆောက်ဟု ဝန်ကြီးပြော

    -

    မင်းသုတ – ကရင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးသံဒိုင်သည် ဘုရားသုံးဆူမြို့မဈေး အသစ်ပြန်လည်တည်ဆောက်ရေး တွေ့ဆုံပွဲပြုလုပ်ခဲ့ရာတွင် လက်ရှိမြန်မာစည်ပင်အင်ဂျင်နီယာများ အရည်အချင်းမရှိ၍ တစ်ဖက်နိုင်ငံထိုင်းအင်ဂျင်နီယာဖြင့် ဈေးသစ်တည်ဆောက်မည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ဘုရားသုံးဆူမြို့ ပြည်ထောင်စုခန်းမ၌ ဈေးကော်မတီဝင်များ၊ ဈေးဆိုင်ပိုင်ရှင်များနှင့် နှစ်ထပ်ဈေးသစ်တည်ဆောက်ရေးအတွက် တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

    ဝန်ကြီးက “ ကျနော်ဝန်ကြီးဖြစ်တဲ့လက်ထက်မှာ အဆင့်မြင့်ဈေးကို စေတနာနဲ့ ဆောက်လုပ်ပေးချင်ပါတယ်၊ ထိုင်းကန်ထရိုက်နဲ့ဆောက်လုပ်တာကတော့ မြန်မာကန်ထရိုက်တွေက အဆင့်မရှိလို့ပါ၊ လက်ရှိ စည်ပင် အင်ဂျင်နီယာတွေ အရည်အချင်းမရှိလို့ ဖြုတ်ပစ်ရမယ်ဆိုပါရင် တစ်ယောက်မှကျန်မှာမဟုတ်ပါဘူး” ဟု ပြောသည်။

    ထို့အပြင် ၂၀၁၅ တွင် အာဆီယံကုန်သွယ်မှုဇုန်ပြုလုပ်ပါက ယခုဈေးကြီးအဆင့်မမီတော့ကြောင်း၊ ဆောက်လုပ်မည့်ဈေးသစ်သည် ငွေကျပ်သိန်း ၄ ထောင်ကျော်သာကုန်ကျမည်ဖြစ်သဖြင့် မိမိနေထိုင်သည့် ပြည်နယ်ဝန်ကြီးနေအိမ်တစ်လုံးစာမျှ တန်ဘိုးမရှိပါကြောင်း၊ မိမိတို့ပြည်နယ်ဝန်ကြီးအိမ်တစ်လုံးတန်ဘိုးမှာ ငွေကျပ်သိန်း ၅ ထောင်ကျော်ကုန်ကျခဲ့ကြောင်း၊ အိမ်တစ်လုံးစာတန်ဖိုးပင်မရှိသည့် ဈေးသစ်ဆောက်လုပ်ခြင်းအား သဘောမတူခြင်းမှာ သုံးဆူမြိုသားများ အဆင့်မရှိ အတွေး အခေါ်မရှိ၍ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

    ယင်းတွေ့ဆုံပွဲတွင် ဈေးကော်မတီဝင်တစ်ဦးက “မြို့မဈေးအသစ်ပြန်လည်ဆောက်မယ်ဆိုရင် တစ်ထပ်ဘဲဆောက်လုပ်စေချင်တယ်၊ မြဝတီလိုခရိုင်အဆင့်မှာ တစ်ထပ်ဈေးပဲလေ၊ နောက်ပြီး ဆိုင်ခန်းတစ်ခန်းကို ထိုင်းဘတ်ငွေတစ်သိန်း(မြန်မာငွေ ၃၀ သိန်းဝန်းကျင်) နဲ့ပြန်လည်ဝယ်ယူဖို့က မတတ်နိုင်ကြပါဘူး” ဟု ပြောသည်။

    အကယ်၍ ဝန်ကြီး၏အစီအစဉ်အတိုင်း နှစ်ထပ်ဈေးသစ်ဆောက်လုပ်ဖြစ်ပါက မြေညီထပ်အခန်း ၁၉၀၊ အပေါ်ထပ် အခန်း ၁၀ဝ ခန့်ပါရှိရာ ၁၀ ပေပတ်လည် မြေညီထပ်အား ယခုလက်ရှိဈေးဆိုင်ခန်းပိုင်ရှင် ၁၆၀ ခန့်တို့အား ပြန်လည်နေရာချထားပေးမည်ဟုရည်ရွယ်ထားပြီး ဈေးအပေါ်ထပ် ဆိုင်ခန်းသစ်များရောင်းချသွားမည်ဟု ဆိုသည်။

    သို့ရာတွင် အခမ်းအနားတက်ရောက်ကြသည့် ဈေးဆိုင်ခန်းပိုင်ရှင်အများစုက ဈေးအသစ်ဆောက်ပြုလုပ်ခြင်းအား သဘောမတူကန့်ကွက်ကြောင်း ပြောဆိုကြသဖြင့် ဈေးသစ်တည်ဆောက်မည့် ဆုံးဖြတ်ချက်မချနိုင်ခဲ့ကြပေ။

    အမည်မဖေါ်လိုသော ဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးက “ဈေးသစ်ဆောက်မယ့် ကံထရိုက်နဲ့ ဝန်ကြီးတို့ဘက်က အင်အား ၂၀ လောက်ပဲရှိပြီး သဘောမတူကန့်ကွက်တဲ့ဘက်က အင်အားတစ်ရာကျော်၊ ဒါနဲ့ ဈေးသစ်ဆောက်တာ သဘောမတူရင် ဈေမီးရှို့မယ်လို့ တစ်ယောက်ကပြောတော့ ဝိုင်းကရုတ်ရုတ်သဲသဲ ဖြစ်သွားသေးတယ်” ဟု ပြောသည်။

    ဈေးမီးရှို့မှုကောလဟာလ ဖြစ်မှုကြောင့် လက်ရှိဆိုင်ခန်းအချို့မှ ပစ္စည်းများ နေရာပြောင်းရွေ့မှုများပြုလုပ်ခဲ့ပြီး ဈေးရှေ့မျက်နှာစာဆိုင်ခန်းများ ပိတ်ထားသည်ကို တွေ့ရှိရသည်။

    ယခုနှစ် ဇန်နဝါရီလအတွင်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မဈေး မီးလောင်မှုအပါအဝင် ဈေးမီးလောင်မှုကြီး နှစ်ကြိမ်ဖြစ်ပွား ခဲ့ပြီးနောက် မြန်မာနိုင်ငံ အနှံ့အပြားရှိဈေးများတွင် ထပ်မံမီးလောင်မှု မဖြစ်စေရေးနှင့် မီးလောင်မှု ဖြစ်ပွား ပါကလည်း အချိန်မီ မီးငြှိမ်းသတ်နိုင်ကာ ဆုံးရှုံးမှုလျော့ ပါးစေရေး အတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ ဈေးကြီးများ၌ မီးသတ်တပ်ဖွဲ့နှင့် မီးကင်းများ ထားရှိကြရန် မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks