Homeသတင်းကိုးကန့်အဖွဲ့ကို UNFC အဖွဲ့ဝင်သစ်(ယာယီ)အဖြစ် လက်ခံ

ကိုးကန့်အဖွဲ့ကို UNFC အဖွဲ့ဝင်သစ်(ယာယီ)အဖြစ် လက်ခံ

-

ခတ္တာနန်း – မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-ကိုးကန့် MNDAA အဖွဲ့ကို UNFC ၏ ယာယီအဖွဲ့ဝင်သစ်အဖြစ် ယမန်နေ့တွင် လက်ခံလိုက်ကြောင်း UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

ကိုးကန့် MNDAA တပ်ဖွဲ့-(internet)
ကိုးကန့် MNDAA တပ်ဖွဲ့-(internet)
ယမန်နေ့က ပြုလုပ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီUNFC အဖွဲ့နှင့် အဖွဲ့ဝင်မဟုတ်သည့် လက်နက်ကိုင် တိုင်းရင်းသားများ အစည်းဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ဟံသာက “ ကိုးကန့်အဖွဲ့က UNFC ရဲ့ အဖွဲ့ဝင်အဖြစ် တောင်းဆိုလာပါတယ်၊ UNFC အနေနဲ့ ကိုးကန့်အဖွဲ့ကို အခုအချိန်ယာယီအနေနဲ့လက်ခံထားပါတယ်၊ စာရွက်စာတမ်း အချက်အလက်တွေ ပြည့်စုံသွားရင် အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုသွားမှာပါ” ဟုပြောသည်။

ယခုဆွေးနွေးပွဲသည် UNFC ၏ ၃ ရက်သာ အစည်းအဝေးတွင် ချမှတ်ထားသည့် ဆုံးဖြတ်ချက်အရ အစိုးရ ဦးစီးကျင်းပပြုလုပ်မည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် UNFC အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်မဟုတ်သည့် လက်နက်ကိုင် တိုင်းရင်းသားအားလုံး တူညီစွာရပ်တည်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

“UNFC ကနေ ဆွေးနွေးထားတဲ့ တူညီစွာရပ်တည်ရေးအချက်တွေကို တိုင်းရင်းသားအားလုံးက လက်ခံကြတယ်၊ အားလုံးက တူညီစွာ ရပ်တည်သွားကြမယ်”ဟု နိုင်ဟံသာက ပြောသည်။

တူညီစွာရပ်တည်ရေး အချက်များမှာ လက်မှတ်မထိုးခင် ပါဝင်ရမည့် အချက်များ၊ လက်မှတ်ထိုးရာတွင် ပါဝင်ရမည့်အချက်များနှင့် လက်မှတ်ရေးထိုးရာတွင် ပါဝင်ရမည့်အဖွဲ့အစည်းများ စသည့်အခြေခံအချက် ၃ ချက်တို့ပါဝင်ကြောင်း သိရသည်။

ထိုအချက်များအားလုံးကို အတည်ပြု ထုတ်ပြန်နိုင်ရန်အတွက် နောက်ထပ်တဆင့် ဆွေးနွေးပွဲအပြီးတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း နိုင်ဟံသာက ဆက်ပြောသည်။

MNDAA ကိုးကန့်အဖွဲ့ ဆက်ဆံရေးဌာနမှူး ဦးဖုန်ဝင်းနိုင်က“ကျနော်တို့က တခြားတိုင်းရင်းသားတွေလို ငြိမ်းချမ်းရေးတစ်ခု PEACE ကို ကြိုက်တဲ့ တိုင်းရင်းသားဖြစ်တယ်၊ UNFC အောက်မှာ တိုင်းရင်းသားတွေညီညွှတ်ပြီး အားလုံးအတူတူလက်တွဲလုပ်ဆောင်သွားမယ်”ဟု ပြောသည်။
ထိုဆွေးနွေးပွဲတွင် UNFC အဖွဲ့ဝင်မဟုတ်သည့် လက်နက်ကိုင်အဖွဲ့များဖြစ်ကြသော ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ALP ၊ ရခိုင်တပ်မတော် AA ၊ ဒီမိုကရေစီအကျိုးပြု ကရင့်အမျိုးသားတပ်မတော် DKBA ၊ MNDAA ကိုးကန့်အဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး ABSDF တို့၏ ခေါင်ဆောင်များ တက်ရောက်ဆွေးနွေးခဲ့ပြီး UNFC ဆုံးဖြတ်ချက်အပေါ် ဘုံသဘောတူညီမှု ရရှိခဲ့ကြောင်းသိရသည်။

အလားတူ ယခုရက်ပိုင်းအတွင်း ကျင်းပပြီးစီးသွားသည့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်းရေးအဖွဲ့နှင့် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO တို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက် ၇ ချက်တွင်လည်း ယခုလကုန်ပိုင်းတွင် KIO ဌာနချုပ် လိုင်ဇာ၌ လက်နက်ကိုင် တိုင်းရင်းသားအင်အားစု အားလုံးပါဝင်မည့် ဆွေးနွေးပွဲတရပ်ပြုလုပ်ရန် သဘောတူထားကြပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts