spot_img
Sunday, January 25, 2026
More
    spot_img
    Homeသတင်းမြန်မာအစိုးရနှင့် ကျောင်းသားတပ်မတော် အပစ်ရပ်စဲမှုသဘောတူလက်မှတ်ရေးထိုး

    မြန်မာအစိုးရနှင့် ကျောင်းသားတပ်မတော် အပစ်ရပ်စဲမှုသဘောတူလက်မှတ်ရေးထိုး

    -

    မင်းသုတ – မြန်မာအစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ)-ABSDF ခေါင်းဆောင်များ သြဂုတ်လ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့၊ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC) ၌ ပြည်ထောင်စုအဆင့် အပစ်ရပ်စဲမှု သဘောတူညီလက်မှတ်ရေးထိုးကြပြီဟု သိရသည်။

    မြန်မာအစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းနှင့် ကျောင်းသားတပ်မတော် (မကဒတ) ဥက္ကဌ ရဲဘော်သံခဲတို့ ဦးဆောင်၍ အချက် ၁၂ ပါအပစ်ရပ်စဲရေးသဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

    အစိုးရ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေက “ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်သွားရမယ်ဆိုတာ ၁၂ ချက်ထဲက အရေးကြီးတဲ့အဓိကအချက်ပါပဲ။ ကျန်တဲ့အချက်တွေကတော့ အဓိကအချက်ကို အထောက်အကူပြုတဲ့ အချက်တွေပါ” ဟု ပြောသည်။

    သဘောတူညီမှု ၁၂ ချက်အနက် တစ်နိုင်ငံလုံးအတိုင်းအတာဆောင်သော အပစ်အခတ်ရပ်စဲရေးကို နှစ်ဖက်စလုံးမှ တာဝန်ယူမှု တာဝန်ခံမှုရှိရှိဖြင့် ဆောင်ရွက်ရန်၊ မကဒတမှ အဆိုပြုသော ဒီမိုကရေစီအရေး ၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ၊ မကဒတအား မတရားသင်း သတ်မှတ်ထားမှုအား ပယ်ဖျက်ပေးရေးနှင့် ကလေး ၊ ဘုရားသုံးဆူ၊ မူဆယ်နှင့် လွိုင်ကော်မြို့များတွင် ဆက်ဆံရေးရုံးများဖွင့်လှစ်နိုင်ရေးတို့ ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန် ပါရှိသည်။

    ABSDF နှင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်တို့ ၅ ကြိမ်ခန့်အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြရာ သြဂုတ်လ ၅ ရက်နေ့တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြပြီးနောက် သြဂုတ်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

    ယင်းသဘောတူညီမှုလက်မှတ်ရေးထိုးပွဲသို့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုမြအေး၊ ကိုကိုကြီးတို့ သုံးဦးအပြင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့UNA တို့ကလည်း လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြသည်။

    လက်မှတ်ရေးထိုးပွဲအပြီး သတင်းစာရှင်းလင်းပွဲဆက်လက်ကျင်းပရာ ရဲဘော်သံခဲက“ဒီနေ့ နိုင်ငံရေး ခြေလှမ်းသစ်ဟာ အားလုံးအတွက် လျှောက်လှမ်းရမယ့် အခြေအနေမှာ ခြေလှမ်းသစ်တိုင်း၊ ခြေလှမ်းသစ်တိုင်းကို ပြည်သူလူထု အကျိုးအတွက် ရဲရဲဝံ့ဝံ့လျှောက်ဖို့ ကျနော်တို့ ဆုံးဖြတ်လိုက် ပါတယ်။ ခြေလှမ်းသစ်တိုင်း ခြေလှမ်းသစ်တိုင်းကို ကြံ့ခိုင်စွာနဲ့ လျှောက်လှမ်းဖို့ မကဒတ ကအသင့် ရှိပါတယ်။ ဒီတော့ ဒီလမ်းခရီးကို လျှောက်တဲ့ အခါမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် တဦးနဲ့တဦး လက်တွဲတည်ဆောက်ဖို့အတွက် အခြေအနေသစ်တရပ်လည်း လိုအပ်ပါတယ်”ဟု ပြောသည်။

    ယင်းကဲ့သို့ ABSDF အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခြင်းသည် လက်နက်ချခြင်း မဟုတ်ကြောင်း၊ တနိုင်ငံလုံး အတိုင်းအတာ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် အင်အားစု အားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရေးအတွက် ပဏမခြေလှမ်းမျှသာဖြစ်ကြောင်း သူက ဆက်ပြောသည်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ကို ၈ လေးပုံးဒီမိုကရေစီ အရေးတော်ပုံဖြိုခွင်းခံရအပြီး ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နယ်မြေများ ဖြစ်ကြသည့် မွန်၊ ကရင်၊ ကရင်နီ၊ သျှမ်း၊ ကချင်၊ ချင်းနယ်မြေဒေသများတွင် အခြေစိုက်ခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts