spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းကွယ်လွန်သူမွန်ပြည်သစ်ပါတီဥက္ကဌဟောင်း နိုင်နွန်လာအမှတ်တရအခမ်းအနားကျင်းပ

    ကွယ်လွန်သူမွန်ပြည်သစ်ပါတီဥက္ကဌဟောင်း နိုင်နွန်လာအမှတ်တရအခမ်းအနားကျင်းပ

    -

    မင်းသုတ– ၈ လေးလုံးတစ်နှစ်ပြည့်တွင် ကွယ်လွန်ခဲ့သူ မွန်ပြည်သစ်ပါတီဥက္ကဌဟောင်းနိုင်နွန်လာအားရည်စူး၍ ကျန်ရစ်သူမိသားစုဝင်များနှင့်အတူ ဘုရားသုံးဆူဒေသခံများက ယမန်နေ့တွင် သံဃာတော်များဆွမ်းကျွေး အခမ်းအနား ကျင်းပခဲ့သည်။

    ထိုင်းနိုင်ငံဘက်ခြမ်း ဘုရားသုံးဆူမွန်ဘုန်းတော်ကြီး၏ ကျောင်းထိုင်ဆရာတော် အသျှင်ဟံသာရာဇာ အမှူးထား၍ အနီးတဝိုက်ဒေသရှိ မွန်ဘုန်းတော်ကြီးကျောင်း ၈ ကျောင်းမှသံဃာတော်များနှင့် မွန်ပြည်သစ်ပါတီဝင်အချို့၊ ဘုရားသုံးဆူမြို့ခံ မွန်နိုင်ငံရေးပါတီအဖွဲ့ဝင်များနှင့် လူငယ်အဖွဲ့အစည်းများ အင်အား ၅၀ဝ ခန့်တက်ရောက်သည်ကို တွေ့ရှိရသည်။

    အသျှင်ဟံသာရာဇာက “အမျိုးရေးမှာ ခေါင်းဆောင်ကောင်းတစ်ယောက် ပေါ်ထွန်းနိုင်ဖို့ဟာ သာမန်ပါရမီနဲ့ မလွယ်ကူပါဘူး၊ သူ့လိုခေါင်းဆောင်တစ်ဦးဆုံးရှုံးခဲ့တာဟာ မွန်တို့ရဲ့ဆုံးရှုံးမှုကြီးတစ်ရပ်ပါပဲ” ဟု အခမ်းအနားအဖွင့်တွင် တရားဟောကြားရင်း မိန့်ဆိုခဲ့သည်။

    အခမ်းအနားတွင် နိုင်နလ္လာ၏ အထုပ္ပတ္တိသီချင်းများနှင့် မိန့်ခွန်းများကိုလည်း အသံချဲ့စက်ဖြင့် ဖွင့်လှစ်ခဲ့သည်။

    ကျန်ရစ်သူမိသားစုဝင် နိုင်ရွှေသိန်းက “မိန့်ခွန်းတွေမှာ သူမကြာခဏပြောဆိုလေ့ရှိတဲ့ စကားကြီး ၃ ခွန်းရှိပါတယ်၊ နိုင်ငံရေးသမားပဲဖြစ်ဖြစ် တော်လှန်ရေးသမားပဲဖြစ်ဖြစ် မိမိစည်းဝိုင်းဘောင်အတွင်း အများရှေ့မှာပဲ လုပ်ဆောင်စရာတွေကို ရဲရဲလုပ်ဆောင်၊ အမှားတွေ့မိရင်လည်း ရဲရဲပြင်ဆင်၊ လိုအပ်ရင်တော့ အများတကာရှေ့မှာလည်း အသေခံရဲရမယ်” ဟု အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သည်။

    နိုင်နလ္လာ (ခေါ်) နိုင်ဆိတ်နို့သည် ဘုရားသုံးဆူဒေသ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် ABSDF ကျင်းပသော ၈ လေးလုံးတစ်နှစ်ပြည့် အခမ်းအနားစင်မြင့်ပေါ် သဘာပတိမိန့်ခွန်း ပြောကြားရင်း နှလုံးရပ်သေဆုံးခဲ့ခြင်း ဖြစ်သည်။

    ကွယ်လွန်ချိန်တွင် အသက် ၇၂ နှစ်ရှိပြီး မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ တာဝန်ထမ်းဆောင်နေချိန်ဖြစ်သည်။

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှီးပဒေါရွာတွင် ၁၉၁၇ ခုနှစ်တွင် နိုင်နွန်လာကို မွေးဖွားခဲ့ပြီး အသက် ၂၂ နှစ်အရွယ်တွင် ရွာသူကြီးအဖြစ် ရွေးချယ်ခံရသည်။ အသက် ၃၁ နှစ်တွင် မွန်ပြည်သူ့တပ်ဦးနှင့်အတူ တော်လှန်ရေးစတင်ခဲ့သည်။

    ၁၉၅၈ ခုနှစ်၊ မွန်ပြည်သူ့တပ်ဦး လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခဲ့ရာတွင် အဓိကပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းမှုအပြီး ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် မွန်ခေါင်းဆောင် ၈ ဦးအား ထပ်မံဖမ်းဆီးခဲ့ရာတွင် ထောင် ၁၀ နှစ်ကျခံလိုက်ရသည်။ ၁၉၇၃ ခုနှစ်ထောင်မှ လွတ်မြောက်လာပြီးနောက် မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။

    ထို့နောက် ၁၉၈၀-၈၇ ခုနှစ် မွန်ပြည်သစ်ပါတီဗဟိုနှစ်ခြမ်းကွဲခဲ့စဉ် ဥက္ကဌနိုင်ရွှေကျင်၊ ဥက္ကဌနိုင်နွန်လာ အဖွဲ့နှစ်ဖွဲ့ဖြစ်ခဲ့ပြီး ၁၉၈၇ ခုနှစ်ပြည်လည်ပေါင်းစည်းသောအခါ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ တာဝန် ပြန်လည်ထမ်းဆောင်ခဲ့သည်ဟု မှတ်တမ်းများတွင် ဖေါ်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts