spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းဗမာပြည်နယ်ပါဝင်သည့် ဖွဲ့စည်းပုံသစ် ရေးဆွဲမည်ဟု တိုင်းရင်းသားကွန်ဖရင့်ချမှတ်

    ဗမာပြည်နယ်ပါဝင်သည့် ဖွဲ့စည်းပုံသစ် ရေးဆွဲမည်ဟု တိုင်းရင်းသားကွန်ဖရင့်ချမှတ်

    -

    မင်းသုတ – ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC က ၃ ရက်ကြာကျင်းပခဲ့သည့် တိုင်းရင်းသားလူမျိုးများကွန်ဖရင့်က ဗမာပြည်နယ်ပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ရေးဆွဲကြမည်ဟု ဆုံးဖြတ်ချက်ချမှတ်ကြောင်း သြဂုတ်လ ၁ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    တိုင်းရင်းသားကွန်ဖရင့်ထုတ်ပြန်ချက်(UNFC)
    တိုင်းရင်းသားကွန်ဖရင့်ထုတ်ပြန်ချက်(UNFC)
    ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ UNFC ကြီးမှူး၍ တိုင်းရင်းသားလူမျိုးများကွန်ဖရင့်တစ်ရပ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက်များအား ကြေညာချက်ထုတ်ပြန်ခြင်း ဖြစ်သည်။

    UNFC တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဗမာအမျိုးသားပြည်နယ်တစ်နယ်ပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် ထပ်မံရေးဆွဲဖို့လိုတယ်” ဟု ပြောသည်။

    လက်ရှိ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ၄င်းဥပဒေပါသတ်မှတ်ပြဌာန်းချက်များအရ ပြင်ဆင်ရန်မလွယ်ကူကြောင်း သူကထောက်ပြသည်။

    ခွန်ဥက္ကာက “ဗမာအမျိုးသားပြည်နယ်ပါဝင်တဲ့ တိုင်းရင်းသားညီလာခံဆုံးဖြတ်ချက်တွေကို မြန်မာ့ဒီမိုကရေစီအင်အားစုတွေကလည်း တခဲနက်ထောက်ခံကြတယ်” ဟု ဆက်ပြောသည်။

    ကျောင်း​သား​တပ်မ​တော် ABSDF၊ မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် DAB ၊ မြန်မာနိုင်ငံဒီမို ကရက်တစ်အင်အားစု FDB၊ မြန်မာနိုင်ငံ ဒီမိုကရေစီကွန်ယက် NDB၊ ပြည်တွင်းလုပ်ငန်းစဉ်များ ကော်မတီ PDC နှင့် အခြားမြန်မာ့ဒီမိုကရေစီအင်အားစုများသည် သြဂုတ်လ ၁ ရက်နေ့တွင် UNFC ခေါင်းဆောင်များနှင့် သီးသန့်တွေ့ဆုံပွဲ၌ ယင်းကဲ့သို့ထောက်ခံခဲ့သည်ဟု သိရသည်။

    တိုင်းရင်းသားကွန်ဖရင့်ဆုံးဖြတ်ချက်များတွင် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော အမျိုးသားပြည်နယ်များစုပေါင်းပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကျင်းသုံးရန်၊ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲပြဌာန်းရန်၊ ယင်းသို့အခြေခံဥပဒေသစ်ရေးဆွဲရာတွင် UNFC နှင့် UNA တို့ ဦးစီး၍ လူငယ်၊ အမျိုးသမီး၊ လူမှုအဖွဲ့အစည်းများနှင့် အခြားသောအဖွဲ့အစည်းများဖြင့် မူကြမ်းဥပဒေရေးဆွဲရေးကော်မတီတရပ် ဖွဲ့စည်းအကောင်အထည်ဖော်သွားရန်၊ ၂၀၁၂ ခု စက်တင်ဘာလ တိုင်းရင်းသားညီလာခံက ချမှတ်ခဲ့သော ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ် ၆ ချက်အတိုင်း ကျင့်သုံးလုပ်ဆောင်သွားရန် စသည့်အချက်များပါဝင်သည်။

    “ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းတဲ့ကိစ္စက အနာဂတ်အတွက်ပြင်ဆင်ထားဖို့ ကြိုတင်ပြင်ဆင်ထားတာပါ၊ သမ္မတဦးသိန်းစိန်ရဲ့ လမ်းပြမြေပုံထဲက တပ်မတော်တစ်ရပ်ပဲ ရှိရမယ်ဆိုတဲ့အချက်ကို လိုအပ်လာရင် ဆွေးနွေးပြောဆိုဖို့ ပေါ်လစီအနေနဲ့ချမှတ်ထားတာပါ၊ လက်တွေ့ချက်ချင်းလုပ်ဆောင်တဲ့ လုပ်ငန်းတွေမှာ မထည့်ထားပါဘူး” ဟု ခွန်ဥက္ကာက ဆက်ပြောသည်။

    ယခုကျင်းပခဲ့သည့်တိုင်းရင်းသားကွန်ဖရင့်သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့၊ ညီညွှတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့ UNA၊ တိုင်းရင်းသားနိုင်ငံရေးပါတီ ၄ ပါတီ၊ လူငယ်၊ အမျိုးသမီး၊ လူထုအကျိုးပြုအဖွဲ့အစည်းများ၊ နိုင်ငံခြားရောက်တိုင်းရင်းသားအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များနှင့် တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူ ကိုယ်စားလှယ် ၁၂၂ ဦးတက်ရောက်ခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြသည်။

    အလားတူ တိုင်းရင်းသားကွန်ဖရင့်ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ၌ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပထမအကြိမ်ကျင်းပခဲ့ရာ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်မူဘောင် ၆ ချက်ကိုလည်း ရေးဆွဲချမှတ်နိုင်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks