spot_img
Wednesday, February 11, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်သဘာဝဝန်းကျင် ထိန်းသိမ်းရေး မြှင့်တင်ကြစို့

    သဘာဝဝန်းကျင် ထိန်းသိမ်းရေး မြှင့်တင်ကြစို့

    -

    မိုးခေါင်သဖြင့်ဒုက္ခများကြုံတွေ့ရသကဲ့သို့ လိုအပ်သည်ထက်ပိုမိုရွာသွန်းသောကြောင့် ဒေသအလိုက် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ကာ လူသားများသာမက အိမ်မွေးတိရစ္ဆာန်များနှင့် သတ္တဝါများစွာတို့သည်လည်း ဘေးဒုက္ခကြုံတွေ့ကြရသည်။

    ထို့အပြင် လူသားသတ္တဝါတို့၏ ကျန်းမာရေး၊ လူမှုရေးပြဿနာအမျိုးမျိုးနှင့် ဘေးအန္တရာယ်အသွယ်သွယ်တို့ကိုလည်း ခြိမ်းခြောက်လျှက်ရှိသည်။ လူနေအဆောက်အဦ၊ စက်ရုံအလုပ်ရုံ၊ လမ်းတံတားများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ရေလွှမ်းမိုးခံရသဖြင့် နေတဒူဝလုပ်ငန်းများရပ်တန့်သွားသည့်အပြင် အစာရေစာရိက္ခာများ ပျက်စီးဆုံးရှုံးခြင်း၊ ရှားပါးခြင်း၊ ကုန်ပစ္စည်းဈေးနှုန်းမြင့်တက်ခြင်းတို့ ဖြစ်ပေါ်စေတော့သည်။

    ပြီးခဲ့ရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် မြန်မာပြည်တောင်ပိုင်းဒေသများဖြစ်ကြသည့် မွန်၊ ကရင်ပြည်နယ်နှင့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီးတို့တွင် မကြုံစဖူးထူးကဲသည့် ရေလွှမ်းမိုးများ ခံနေရဆဲဖြစ်သည်။ အထူးသဖြင့် ရန်ကုန်-မော်လမြိုင်-ထားဝယ်နှင့် မော်လမြိုင်-မြဝတီအဝေးပြေးလမ်းမကြီးများပေါ်တွင် ရေလွှမ်းမိုးမှုနှင့် တောင်ပြိုမှုတို့ ဖြစ်ပေါ်ခဲ့သည်ကို သတင်းမီဒီယာများတွင် ဖေါ်ပြနေကြသည်။

    အကြောင်းရင်းကား သဘာဝဝန်းကျင်ပျက်စီးယိုယွင်းမှုကြောင့် ဂေဟစနစ်များပျက်စီးလာကာ ရာသီဥတုဖောက်ပြန်မှုများ ဖြစ်ပေါ်လာရသည်ဟု ပညာရှင်များက ထောက်ပြကြသည်။

    ကျွန်ုပ်တို့နေထိုင်ရာပတ်ဝန်းကျင်ဒေသတဝိုက်တွင် သစ်တောများပြုန်းတီးသဖြင့် တောင်တန်းများ လွင်တီးခေါင်ပြင်ဖြစ်ပေါ်ခြင်း၊ နုံးမြေများထူပြောလာခြင်း၊ မြစ်ချောင်းများတိမ်ကောလာခြင်းကြောင့် မိုးရွာသွန်းသည့်အခါ ပိတ်ဆို့မှုဖြစ်ပေါ်ပြီး ရေလွှမ်းမိုးခံရခြင်းပင် ဖြစ်သည်။

    ထို့အပြင် မြစ်ရေကာတာများတည်ဆောက်ခြင်းသည်လည်း မူလကသဘာဝအလျှောက်စီးဆင်းနေသော မြစ်ရေလမ်းကြောင်းကို ပိတ်ဆို့ဟန့်တားပြီး သစ်တောများစွာကိုလည်း ရေအောက်သို့အလိုအလျှောက် ပျောက်ဆုံးစေပါသည်။

    သစ်တောများပြုန်းတီးသဖြင့် အပူချိန်မြင့်မားလာသကဲ့သို့ မိုးခေါင်ခြင်းကြောင့်လည်း ရေရှားပါးမှုဖြစ်ပေါ်လာသည်။ အချိန်အခါမဟုတ် မိုးရွာသွန်းသဖြင့် ရာသီအလိုက်စိုက်ပျိုးပင်များ လေလွင့်ပျက်စီးဆုံးရှုံးကြကုန်သည်။ ထို့အတူ စက်ရုံအလုပ်ရုံ၊ လမ်းတံတားများ၊ အိမ်များ၊ လယ်ယာခြံမြေများ၊ မွေးမြူရေးလုပ်ငန်းများစွာ ရေလွှမ်းမိုးခံရသဖြင့် ပျက်ဆီးဆုံးရှုံးငွေပမာဏကိုကား တွက်ဆ၍လည်း မရနိုင်ပါ။

    လူတို့ဖန်တီးမှုကြောင့်သာ သဘာဝန်းကျင်ပိုမိုပျက်စီးယိုယွင်းလာနေသည်ဟုလည်း ကမ္ဘာ့ပညာရှင်များ သတိပေးပြောဆိုနေကြသည်။ စစ်အစိုးရလက်ထက်မှ ယခုအစိုးရလက်ထက်တိုင် အထိန်းအကွပ်မဲ့ သစ်ထုတ်လုပ်နေခြင်းသည် မြန်မာနိုင်ငံသစ်တောပြုန်းတီးခဲ့မှု၏ အဓိကတရားခံဟု သဘာဝဝန်းကျင်ထိန်းသိမ်းသူများက ထောက်ပြ၊ ပြစ်တင်၊ ဝေဖန်စရာ ဖြစ်နေသည်။

    ယခုကာလထက် အခြေအနေပိုဆိုးသော ရာသီဥတုဘေးဒဏ်များ အနာဂတ်ကာလတွင် မကြုံဆုံမိစေရန် “သစ်တစ်ပင်ခုတ်လျှင် ၁၀ ပင်ပြန်စိုက်ပါ” ဟုလည်း ပညာပေးနှိုးဆော်မှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ဒေသခံတို့အား သစ်တောထိန်းရေး၊ သဘာဝဝန်းကျင်ပျက်စီးမှုကာကွယ်ရေး၊ ဂေဟစနစ်အကြောင်း အသိပညာပေးပြီး စုပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်နေပေပြီ။

    ထို့ကြောင့် အနာဂတ်တွင် စိုးရိမ်စရာရေဘေးဒုက္ခနှင့် ကင်းဝေးနိုင်ရေးအတွက် သဘာဝဝန်းကျင်နှင့် ဂေဟစနစ်ပျက်စီးယိုယွင်းမှုများမဖြစ်ပေါ်စေရန် ယခုအချိန်မှစတင်၍ ကာကွယ်၊ စောင့်ရှောက်၊ ထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ကြပါစို့။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks