spot_img
Friday, January 23, 2026
More
    spot_img
    Homeသတင်းအစိုးရတပ်ရင်း ရံပုံငွေအတွက် တိုင်းရင်းသားလက်နက်ကိုင် ဂိတ်များထံ အခွန်ကင်းလွတ်ခွင့် တောင်းခံ

    အစိုးရတပ်ရင်း ရံပုံငွေအတွက် တိုင်းရင်းသားလက်နက်ကိုင် ဂိတ်များထံ အခွန်ကင်းလွတ်ခွင့် တောင်းခံ

    -

    မင်းသုတ – ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် စခန်းချထားသော ခလရ ၂၈၃ တပ်ရင်းသက်သာချောင်ချိရေး ရံပုံငွေအတွက် ဒေသရှိတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံ အခွန်ကင်းလွတ်ခွင့် တောင်းခံစာတစ်စောင် လွတ်လပ်သောမွန်သတင်းအေဂျင်စီက လက်ခံရရှိခဲ့သည်။

    ဂိတ်ကြေးကင်းလွတ်ခွင့်တောင်းခံစာ(Copy)

    တပ်ရင်းသက်သာချောင်ချိရေးကုန်ပစ္စည်းသယ်ဆောင်လျှက်ရှိသော မော်တော်ယာဉ်အမှတ် ၆က/၅၅၁၃ TOYOTA 4WD အင်ဂျင်နံပါတ်-SL904J206 အား ဘုရားသုံးဆူ-ကျွန်းချောင်း(အသွားအပြန်)လမ်းပိုင်းအတွက် လူ-ကုန်ပစ္စည်းများ အကောက်အခွန်ကောက်ခံခြင်း ကင်းလွတ်ခွင့်ပြုပါရန် ဒေသရှိ ကရင်အမျိုးသားအစည်းအရုံးKNU၊ မွန်ပြည်သစ်ပါတီ၊ DKBA ကလိုထူးဘောဂိတ်တာဝန်ခံများသို့ ခလရ ၂၈၃ တပ်ရင်းမှူးကိုယ်စား လက်မှတ်ရေးထိုးတောင်းခံထားခြင်း ဖြစ်သည်။

    မော်တော်ယာဉ်ဂိတ်မှူးတစ်ဦးက “တပ်ရင်းသက်သာရံပုံငွေအမည်ခံထားတဲ့မော်တော်ယာဉ်ပိုင်ရှင်က မပု၊ လိုင်းလှေလည်းရှိတယ်- ပြည်တွင်းကနေ လူနဲ့ကုန်ပစ္စည်းတွေ နေ့တိုင်းအများဆုံးရတဲ့ အုပ်စုတစ်ခုပေါ့” ဟု ပြောသည်။

    ယင်းဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်ဂိတ်များတွင် ဖြတ်သန်းသွားလာသူ ခရီးသည်တစ်ဦးအနေဖြင့် ဂိတ်တစ်ဂိတ်အတွက် ငွေကျပ်တစ်ထောင်ဖြတ်သန်းခ ပေးဆောင်နေရပြီး ကုန်ပစ္စည်းများအတွက် ညှိနှိုင်းဈေးဖြင့်သတ်မှတ်ကြသည်ကို တွေ့ရှိခဲ့ရသည်။

    ယင်းဂိတ်မှူးက “ဂိတ် ၃ ဂိတ်လွတ်ရင် လူတစ်ယောက်အတွက် ငွေသုံးထောင်သက်သာမယ်၊ ဒီဂိတ်ကြေးတွေကို တပ်ကယူလိုက်တဲ့သဘောပဲ၊ ဒီဂိတ်ကြေးတွေအတွက် ခရီးသည်တွေရဲ့ စရိတ်ထဲထည့်ပေါင်းထားပြီးသားပဲ၊ ခရီးသည်တွေအနေနဲ့ ဂိတ်မှာအချိန်မကုန်တာပဲရှိတယ်၊ ခရီးစရိတ်လျှော့သွားတာမဟုတ်ဘူး” ပြောသည်။

    အဆိုပါဂိတ်များတွင် အကယ်၍ စစ်ဆေးမှုလျှော့ကျလာလျှင် လူကုန်ကူးမှုများနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရေးတို့တွင် ပိုမိုလွယ်ကူလာမည်ဟု မွန်ပြည်သစ်ပါတီအရာရှိတစ်ဦးက သုံးသပ်သည်။

    ကျွန်းချောင်းနှင့်ဘုရားသုံးဆူအကြားတွင် ကရင်အမျိုးသားအစည်းအရုံးKNU၊ မွန်ပြည်သစ်ပါတီ၊ DKBA ကလိုထူးဘောစစ်ဆေးဂိတ်များအပြင် နယ်ခြားစောင့်တပ် BGF၊ ပြည်သူ့စစ်၊ စစ်တပ်၊ အဖွဲ့စုံဂိတ်များကိုလည်း တွေ့ရှိနေရသည်။

    ယခုနှစ်ဇန်နဝါရီလမှစ၍ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ရွေချောင်းဆုံကုမ္ပဏီက ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးမြေသားလမ်းကို ယခုနှစ်မိုးရာသီအတွင်း မော်တော်ကားများပြေးဆွဲနိုင်ရန် ရည်ရွယ်ဖောက်လုပ်ခဲ့လုပ်ခဲ့သော်လည်း ဘုရားသုံးဆူ-ကျွန်းချောင်းအထိသာ မော်တော်ကားပြေးဆွဲနိုင်ခဲ့ခြင်း ဖြစ်သည်။

    ထိုနောက် ကျွန်းချောင်းမှတဆင့် ကြာအင်းဆိပ်ကြီးသို့ ပဲ့ချိပ်စက်လှေများဖြင့် ကြာအင်းဆိပ်ကြီး၊ ချောင်းနှစ်ခွသို့၄င်း၊ တဖန်မော်တော်ကားဖြင့် မုဒုံမြို့သို့ ရောက်ရှိရန် ခရီးစဉ်အားလုံးအတွက် တစ်ရက်ခန့် အချိန်ယူရမည်ဟု သိရသည်။

    ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး ဇမိမြစ်ကြောင်းရေလမ်းသည် KNU တပ်မဟာ ၆ ၏ ထိမ်းချုပ်မှုနယ်မြေတွင်တည်ရှိပြီး မိုးရာသီအတွက် ဇွန်လ ၂၆ ရက်နေ့မှစ၍ ပဲ့ချိပ်လှေများ စတင်ပြေးဆွဲခွင့်ရရှိခဲ့သည်။

    ထို့အပြင် ချောင်းဆုံ-ကျွန်းချောင်း စက်လှေလိုင်းတွင် သန်မြန်သူ၊ လဝန်း၊ အေးချမ်းမောင်၊ စောသီဟ၊ ချောင်းဆုံ၊ ရာမည၊ နော်တယာ၊ ပန်းရဂုံ စက်လှေအသင်း(၈)သင်းတို့လည်း နေ့စဉ်ပြေးဆွဲလျှက်ရှိသည်။

    ပွင့်လင်းရာသီများဖြစ်သည့် နွေနှင့်ဆောင်းရာသီကာလအတွင်း၌ ဘုရားသုံးဆူ-ရေး၊ ဘုရားသုံးဆူ-သံဖြူဇရပ်၊ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးမြို့များသို့ မော်တော်ကားများပြေးဆွဲနိုင်သော်လည်း မိုးရာသီကာလသို့ရောက်ရှိသောအခါ လမ်းများပျက်စီးသဖြင့် ဇမိမြစ်ကြောင်းလမ်းကို နှစ်စဉ်ပြောင်းလဲအသုံးပြုနေရခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts