Tuesday, March 17, 2026
More
    spot_img
    Homeသတင်းပဲခူးတိုင်းဒေသကြီးရှိ မွန်တိုင်းသားဦးရေစာရင်း ကောက်ခံမည်

    ပဲခူးတိုင်းဒေသကြီးရှိ မွန်တိုင်းသားဦးရေစာရင်း ကောက်ခံမည်

    -

    မင်းတော်လဝီ – ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မွန်တိုင်းသားဦးရေစာရင်း မှန်ကန်ရေးအတွက် ပဲခူးမြို့နယ် မွန်ဒီမိုကရေစီပါတီက ကြိုတင်စာရင်း ကောက်ခံသွားတော့မည်ဟု သိရသည်။

    ယခု(ဇူလိုင်)လ တတိယပတ်မှ စတင် ဆောင်ရွက်မည်ဟု ပဲခူးမြို့နယ်၊ မွန်ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်မောင်ခိုင်က ပြောသည်။

    “ပဲခူးတိုင်းအတွင်းက မွန်လူမျိုးအများစုနေထိုင်တဲ့ နေရာဒေသကိုဦးစားပေးပြီး စာရင်းကိုကောက်ခံမယ်၊ သက်ဆိုင်တဲ့ရပ်ကွက်နဲ့ကျေးရွာတွေက ပါတီဝင်တွေ စာရင်းကောက်ခံသွားမှာဖြစ်တယ်” ဟု နိုင်မောင်ခိုင်က ဆက်ပြောသည်။

    ယင်းမွန်လူဦးရေစာရင်းကောက်ခံရာတွင် ပဲခူးမြို့နယ်မွန်ဒီမိုကရေပါတီမှ ဥက္ကဌ နိုင်မောင်ခိုင်၊ အတွင်းရေးမှူး နိုင်ငွေအောင်၊ နိုင်တင်စိုးနှင့် နိုင်စိန်သောင်းတို့ ဦးဆောင်ကြမည်ဟုသိရသည်။

    ယင်းကဲ့သို့ပြုစုရရှိမည့်မွန်လူဦးရေကို လာမည့် ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းကောက်ခံသည့်အခါ မွန်တိုင်းရင်းသားဦးရေစာရင်း မှန်ကန်စွာဖေါ်ပြနိုင်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်သည်။

    ပဲခူးမြို့အဝင် ဆိုင်းဘုတ်(internet)
    ပဲခူးမြို့အဝင် ဆိုင်းဘုတ်(internet)
    မွန်မိဘနှစ်ပါးမှ မွေးဖွားလာသူများဖြစ်ကြသော်လည်း ၄င်းတို့၏မှတ်ပုံတင်၌ မွန်ဗမာလူမျိုးလူမျိုးဟု ထည့်သွင်းဖေါ်ပြခံထားရသူ အများအပြားတွေ့ရှိနေရသည်။

    အလားတူဖြစ်ရပ်များသည် ရန်ကုန်တိုင်းဒေကြီး၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့လည်း တွေ့ရှိနေရဆဲဖြစ်သည်ဟု Mon Affairs Union-MAU ၏ အစီရင်ခံတစ်ရပ်၌ ဖေါ်ပြခဲ့သည်။

    ပဲခူးမြို့၊မွန်စံပြရပ် မွန်ပညာရေးထောက်ပံ့ရေးဖေါင်ဒေးရှင်းမှ နိုင်ယုက “စာရင်းကောက်ခံတဲ့အခါ ကျယ်ကျယ်ပြန့်ပြန့်လုပ်ရမှာဖြစ်လို့ ပါတီဝင်တွေမကပဲ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ မွန်လူမှုရေးအဖွဲ့အစည်းတွေကလည်း ပူးပေါင်းပါဝင်ကြမယ်”ဟု ပြောသည်။

    အကယ်၍ ပဲခူးတိုင်းဒေသကြီးတွင် မွန်လူဦးရေစာရင်းပြန်လည်ပြုစုနိုင်ခဲ့လျှင် မွန်တိုင်းရင်းသား အရေအတွက်အများအပြားပေါ်ထွက်လာမည်ဖြစ်ပြီး မွန်တိုင်းရင်းသားရေးရာဝန်ကြီးတစ်ပါး ရရှိနိုင်မည်ဟုလည်း နိုင်ယုက ဆက်ပြောသည်။

    ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ၌ ပဲခူးတိုင်းဒေသကြီးအတွင်း မွန်လူမျိုးလူဦးရေခြောက်သောင်း မပြည့်ခဲ့ဟုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်သည့်အတွက် မွန်တိုင်းရင်းသားရေးရာဝန်ကြီး အမတ်တစ်နေရာအတွက်ရွေးချယ်ခွင့် မရခဲ့ဟု သိရသည်။

    အလားတူ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း မွန်တိုင်းရင်းသားလူဦးရေစာရင်းကို လာမည့်သြဂုတ်လတွင် စတင် ကောက်ခံရန်ပြင်ဆင်နေပြီ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks