spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းတိုင်းရင်းသားများ ဖက်ဒရယ်ပြည်ထောင်စုပါတီ ထူထောင်ကြမည်

    တိုင်းရင်းသားများ ဖက်ဒရယ်ပြည်ထောင်စုပါတီ ထူထောင်ကြမည်

    -

    မင်းသုတ – ယမန်နေ့တွင်ကျင်းပပြီးစီးခဲ့သည့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ၏ ၁၅ ကြိမ်မြောက်အစည်းအဝေးက သဘောထားကြေညာချက်ထုတ်ပြန်ရာ၌ “ဖက်ဒရယ်ပြည်ထောင်စုပါတီ Fedral Union Party” သစ် ဖွဲ့စည်းတည်ထောင်ရန် သဘောတူဆုံးဖြတ်ကြကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

    ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ၏ ၁၅ ကြိမ်မြောက်အစည်းအဝေး(Internet)
    ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ၏ ၁၅ ကြိမ်မြောက်အစည်းအဝေး(Internet)
    သူက “ဒီပါတီဖွဲ့စည်းနိုင်ဖို့ ခေါင်းဆောင်နိုင်မယ့်သူတွေကို ရွေးချယ်ပေးရပါမယ်၊ ရွေးကောက်ပွဲဥပဒေအရ ဒီပါတီသစ်မှာပါဝင်မယ့်သူတွေဟာ တခြားကပါတီဝင်တွေမဖြစ်ရပါဘူး” ပြောသည်။

    ထိုပါတီသစ်တွင် တာဝန်ထမ်းဆောင်နိုင်ရန် သင့်လျော်သောပုဂ္ဂိုလ်များအား မိမိပါတီက ရွေးချယ်တာဝန်ပေးအပ်သွားမည်ဟု သိရသည်။

    နိုင်ငွေသိန်းက “ဥပမာ-ကျနော် ဒီ FUP ပါတီသစ်မှာ ကျနော်ကတာဝန်ထမ်းဆောင်သင့်မယ်လို့ ကျနော်တို့ပါတီကဆုံးဖြတ်ခဲ့ရင် AMDP ကနေ ကျနော်နှုတ်ထွက်ပြီး ဒီပါတီသစ်ကိုဝင်ရပါမယ်” ဟု ပြောသည်။

    ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ၏ ယနေ့ထုတ်ပြန်ကြေညာချက်တွင် အဓိကအချက် ၆ ချက်ပါရှိသည့်အနက် ၁။ FUP ပါတီဖွဲ့စည်းရန်၊ ၂။ Proportional Representation-PR အချိုးကျ ကိုယ်စားပြုမှုစနစ်သည် ပြည်နယ်များရှိတိုင်းရင်းသားပါတီများ၏ နိုင်ငံရေးရှင်သန်တိုးတက်မှုအား ဟန့်တားရာရောက်ကြောင်း၊ ၃။ မတရားအသင်းဆိုင်ရာအက်ဥပဒေ ပုဒ်မ ၁၇(၁)(၂)နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂(က) ပုဒ်မခွဲ(၃)တို့အားပယ်ဖျက်ပေးရန်၊ ၄။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ လက်ရှိနိုင်ငံရေးပါတီများ၊ နိုင်ငံတော်အစိုးရကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ၊ လက်နက်ကိုင်တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများပါဝင်သော ပြည်ထောင်စုညီလာခံတစ်ရပ်ကျင်းပရေးနှင့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ဖြည့်စွက်၍ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာရေးဆောင်ရွက်ရန်၊ ၅။ နိုင်ငံသားမဟုတ်သူများ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ ရွေးချယ်ခံပိုင်ခွင့်၊ မဲဆန္ဒပေးပိုင်ခွင့်နှင့် ပတ်သက်သောဥပဒေပုဒ်မတို့အား ပယ်ဖျက်ပေးရန်၊ ၆။ လက်ရှိဖြစ်ပေါ်နေဆဲဖြစ်သော နေအိမ်များမီးရှို့ဖျက်ဆီးနေမှုများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မတရားပြုကျင့်မှုများ၊ မြေယာများကို မတရားသိမ်းဆည်းမှုများစသည့် ဥပဒေမဲ့ကျူးလွန်သူများအား ဥပဒေနှင့်အညီထိရောက်စွာအရေးယူရန် တို့ပါဝင်သည်။

    အဆိုပါ ဆွေးနွေးပွဲကို ဇွန်လ ၁၁-၁၂ ရက်နေ့များတွင် နှစ်ရက်တိုင်တိုင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရုံးခန်းတွင် ပြုလုပ်ခဲ့ပြီး NBF ၏အမြဲတမ်းအဖွဲ့ဝင်များ ဖြစ်ကြသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသား ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီနှင့် အင်းအမျိုးသား ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တို့က သဘောတူလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

    ထို့အပြင် လေ့လာသူများအဖြစ် အခြားတိုင်းရင်းသားပါတီများ ဖြစ်ကြသော ဓနုတိုင်းရင်းသား လူမျိုးများဒီမိုကရေစီပါတီ၊ “ဝ”ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊ အရှိုချင်းအမျိုးသား ပါတီ၊ တိုင်လိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ဝ အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးပါတီ တို့ လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြောင်း သိရသည်။

    အစည်းအဝေးတက်ရောက်သူတစ်ဦးက “ဥပမာအနေနဲ့ ရန်ကုန်၊ ပဲခူးဆိုရင် မွန်၊ ရခိုင်၊ ကရင်၊ ရှမ်း စတဲ့တိုင်းရင်းသားတွေအများကြီး နေထိုင်ကြတယ်၊ ဒီအတိုင်းဆို ကျနော်တို့တိုင်းရင်းသားပါတီတစ်ခုခုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရင်းလည်း နိုင်မှာမဟုတ်ဘူ့၊ ခုလိုဖက်ဒရယ်ပြည်ထောင်စုပါတီကို ဖွဲ့စည်းနိုင်ခဲ့ရင် ဒီလိုဒေသတွေများ ကျနော်တို့တိုင်းရင်းသားပါတီတွေလည်း ဝင်ရောက်အရွေးခံရနိုင်တယ်” ဟု ပြောသည်။

    အထက်ဖော်ပြသည့်ပါတီတို့သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားမဟုတ်သောဒေသများတွင် ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ယခုကာလမှစ၍ ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီတို့၏ ကြိုတင်ပြင်ဆင်မှုတစ်ရပ် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks