spot_img
Monday, January 26, 2026
More
    spot_img
    Homeသတင်းဖမ်းဆီးရမိသောစိတ်ကြွဆေးပြားများ ငြိမ်းအဖွဲ့တစ်ဖွဲ့နှင့်ဆက်စပ်နေ

    ဖမ်းဆီးရမိသောစိတ်ကြွဆေးပြားများ ငြိမ်းအဖွဲ့တစ်ဖွဲ့နှင့်ဆက်စပ်နေ

    -

    WY စာတမ်းပါ စိတ်ကြွဆေးဝါး(Internet)
    WY စာတမ်းပါ စိတ်ကြွဆေးဝါး(Internet)

    မင်းသုတ– မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ယခုရက်ပိုင်းအတွင်းဖမ်းဆီးရမိခဲ့သော စိတ်ကြွဆေးပြားများသည် ဘုရားသုံးဆူမြို့အခြေစိုက် တိုင်းရင်းသားအပစ်ရပ်အဖွဲ့တစ်ဖွဲ့နှင့် ဆက်နွယ်မှုရှိနေကြောင်း အမည်မဖေါ်လိုသောရဲအရာရှိတစ်ဦးက ပြောသည်။

    “တရားခံဖြောင့်ချက်တွေအရ လက်နက်ကိုင်ငြိမ်းအဖွဲ့တစ်ဖွဲ့နဲ့ ဆက်နွယ်နေတာသိရတယ်၊ အခုဖမ်းဆီးမိတဲ့လူတွေကလည်း ဘုရားသုံးဆူနယ်စပ်နဲ့ အပြန်အလှန်သွားလာနေကြတာပါ” ဟု ယင်းရဲအရာရှိတစ်ဦးက ပြောသည်။

    ဆက်လက်စုံစမ်းဖေါ်ထုတ်နေစဉ်ကာလအတွင်း ယင်းစိတ်ကြွဆေးပြားကိစ္စများနှင့် ပါဝင်ပတ်သက်နေသော အပစ်ရပ်ငြိမ်းချမ်းရေးအဖွဲ့အစည်းနှင့် အရာရှိအမည်တို့အား သတင်းထုတ်ဖေါ်ခွင့်မပြုပေ။

    မုဒုံမြို့နယ်၊ ကျောက်တစ်လုံးဘုရားအနီး မြိုင်ကုန်းကျေးရွာ၊ ကျောက်စိမ်းဘုရားလမ်းနေ တိုးဝင်း၏ နေအိမ်၌ WY စာတမ်းပါ စိတ်ကြွဆေးပြား ၂၂၁ ပြားတိတိကို ဇွန်လ ၇ ရက်နေ့ ညပိုင်းတွင် မုဒုံမြို့မ၊ ရဲတပ်ဖွဲ့က သတင်းအရဝင်ရောက်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

    ထိုစိတ်ကြွဆေးဝါးဖမ်းဆီးမှုတွင် အိမ်ရှင် တိုးဝင်းနှင့်အတူ နေအောင်(မြိုင်ကုန်းရွာ)၊ အောင်စိုးမင်း(ခ)သံချောင်း(တောင်ကုတ်မြို့နယ်)တို့နှင့်အတူ ခင်ရွှေ(ခ) ဖိုးဇော်(ကျိုက်မရောမြို့နယ်) ၏ စစ်အစိမ်းရောင်ပြောက်ကျားအိတ်မှ လုပ်သေနတ်တိုတစ်လက်နှင့် ၄င်း၏ခဲသီး၊ ယမ်းမှုန့်များ၊ လက်ကိုင်စကားပြောစက်တစ်လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

    WY စာတမ်းပါ စိတ်ကြွဆေးပြားတစ်ပြားလျှင် မွန်ပြည်နယ်တောင်ပိုင်းဒေသများတွင် ငွေကျပ်(၃၀ဝ၀) သုံးထောင်ခန့်၊ ဘုရားသုံးဆူနယ်စပ်၌ ဘတ် ၁၂၀- ၁၅၀ ဝန်းကျင်ခန့် ပေါက်ဈေးရှိနေသည်ဟု သိရသည်။

    မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အက်ဖာတမင်းစိတ်ကြွဆေးပြားများတင်ပို့မှုအနက် ဘုရားသုံးဆူ-ကန်ချနပူရီလမ်းကြောင်းသည် ဒုတိယဖြစ်ပြီး ချင်းမိုင်-ဘန်ကောက်လမ်းကြောင်းတွင် အများဆုံးဖြစ်သည်ဟု မူးယစ်ဆေးစောင့်ကြည့်လေ့လာသူများ သုံးသပ်ကြသည်။

    ဘုရားသုံးဆူဒေသရှိ ထိုင်းမူးယစ်စောင့်ကြည့်လေ့လာသူတစ်ဦးက “ပြီးခဲ့တဲ့မေလအတွင်းမှာ ဘုရားသုံးဆူကလာတဲ့ စိတ်ကြွဆေးဝါးတွေကို စံခလပူရီမြို့နယ်တဝိုက်မှာ ၃ ကြိမ်ဖမ်းဆီးရမိခဲ့တယ်၊ စစ်ကြောမေးမြန်းချက်အရ ဘုရားသုံးဆူမှာအခြေစိုက်နေတဲ့ တချို့လက်နက်ကိုင်အဖွဲ့အစည်းဝင်တွေ၊ လူကုန်ကူးသူတွေက ဒီစိတ်ကြွဆေးဝါးရောင်းဝယ်မှုတွေမှာ ပါဝင်ပတ်သက်နေတာသိရတယ်” ဟု ပြောသည်။

    လွန်ခဲ့သည့်မေလအတွင်း မြန်မာနိုင်ငံ၌ စိတ်ကြွဆေးဝါး ၃၂၀၇၁၈ ပြားဖမ်းဆီးခဲ့မိရာတွင် အမှုပေါင်း ၁၀၅ မှု စွဲချက်တင်ခဲ့ရကြောင်း ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရ သိရသည်။

    မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် သံဖြူဇရပ်မြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ်မြေမှ ဦးနိုင်ဦးက “မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားသူတွေဟာ လက်နက်ကိုင်ခွင့်ရှိနေသူတွေ၊ ဥပမာ-လက်နက်ချပြည်သူ့စစ်အဖွဲ့၊ ငြိမ်းချမ်းရေးအဖွဲ့ဝင်တွေဖြစ်နေကြတယ်၊ ဒါတွေကိုသတိရှိရှိ စနစ်တကျချေမှုန်းနိုင်မှလည်း အောင်မြင်မှုရနိုင်မယ်” ဟု မေလပထမအပတ်တွင် ကျင်းပခဲ့သော မွန်ဒေသလုံးဆိုင်ရာဖွံ့ဖြိုးရေးနှီးနှောဖလှယ်ပွဲ Social Development Seminar မိန့်ခွန်းတရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

    သမ္မတဦးသိန်းစိန် အစိုးရသစ်တက်လာသည့်သုံးနှစ်ကာလအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ထုတ်လုပ်မှု ပိုမိုဆိုးရွားခဲ့ပြီး အချို့နေရာများတွင် အုပ်ချုပ်ရေးပိုင်းက ပူးပေါင်းဆောင်ရွက်သည်ဟု ကြားသိရကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တော်ဝင်နှင်းဆီခန်းမတွင် လွန်ခဲ့သည့်မေ ၂၇ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ဗဟိုကော်မတီဝင်များ အစည်းအဝေး အပိတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts