Homeသတင်းသင်္ကြန်နှစ်ဆန်းအဖမ်းခံမွန်လူငယ် ၁၁ ဦးအား ရဲများနှိပ်စက်ညှင်းပမ်းခဲ့ဟုဆို

သင်္ကြန်နှစ်ဆန်းအဖမ်းခံမွန်လူငယ် ၁၁ ဦးအား ရဲများနှိပ်စက်ညှင်းပမ်းခဲ့ဟုဆို

-

အေမီ – ပြီးခဲ့သည့် နှစ်ဆန်းတစ်ရက်နေ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ရိုးဂိုးရွာသင်္ကြန်ပွဲတော်၌ လုံခြုံရေးရဲများနှင့် ဒေသခံမွန်လူငယ်တို့ အပြန်အလှန်ထိုးကြိတ်မှုကြောင့် လတ်တလော အဖမ်းခံနေရသော မွန်လူငယ် ၁၁ ဦးတို့ ရဲစခန်းတွင်နှိပ်စက်ညှင်းပမ်းခံခဲ့ရသည်ဟု မွန်လူငယ်ဖိုရမ် Mon Youth Forum (MYF) တာဝန်ခံ မင်းဉာဏ်စိုက်ရာမာဉ်က ပြောသည်။

MYF Statement (MYF)
MYF Statement (MYF)
ယင်းလူငယ်များ ၁၁ ဦးအနက် အသက် ၁၈ နှစ်အောက် လူငယ် ၈ ဦးပါဝင်ပြီး ၉ တန်းကျောင်းသား တစ်ဦးလည်းပါဝင်သည်ဟု သိရသည်။

မင်းဉာဏ်စိုက်ရာမာဉ်က “ကျနော်တို့မွန်လူငယ်အဖွဲ့အစည်းက ဒီအဖမ်းခံလူငယ်တွေနဲ့ တွေ့ခွင့်ရခဲ့တယ်၊ သူတို့မိဘတွေကိုလည်း မေးမြန်းခဲ့တယ်၊ သူတို့အပြောအရ အချုပ်ခန်းစစ်ကြောရေးမှာ လက်သီးနဲ့ထိုး၊ လျှပ်စစ်ရှော့ရိုက်၊ ဖိနပ်နဲ့ပါးရိုက်၊ ခါးပတ်နဲ့ရိုက်၊ အပ်နဲ့ထိုးတာတွေလုပ်ခဲ့တယ်လို့ ဆိုတယ်၊ နှိပ်စက်တဲ့ရဲတွေက ပါးနပ်တယ်လို့လည်းဆိုရပါမယ်၊ ဒဏ်ရာတွေက ဆေးရုံတင်ရတဲ့အဆင့်တော့ မရှိခဲ့ပါဘူး” ဟု ပြောသည်။

ယင်းအမှုအား ယနေ့ မေလ ၁၀ ရက်နေ့တွင် မော်လမြိုင်တရားရုံး၌ ကြားနာခဲ့သည်ဟု သိရသည်။

နှစ်ဆန်းတစ်ရက်နေ့တွင်ကျရောက် ရိုးဂိုးဘုရားပွဲတော်သို့ မော်တော်ဆိုင်ကယ်များဖြင့် လာရောက်သော မွန်လူငယ် ၆၀ ဦးခန့်ပါအုပ်စုနှင့် လုံခြုံရေးတာဝန်ကျရဲများအချေအတင် စကားများကြရာမှ အပြန်အလှန်ရိုက်နှက်ထိုးကြိတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မော်လမြိုင်မြို့မှ အမည်မဖော်လိုသောရဲအရာရှိတစ်ဦးက “အဲဒီလူငယ်တွေနဲ့ တာဝန်ကျရဲ ၅ ယောက်တို့ အချေအတင်ဖြစ်ကြပြီး အပြန်အလှန်ထိုးကြိတ်ရိုက်နှက်တာ ဖြစ်တယ်၊ ရဲတွေက အင်အားနည်းတော့ ဒဏ်ရာရကြတယ်၊ ရဲခြောက်လုံးပြူးတစ်လက်လည်း သူတို့ယူသွားတယ်” ဟုပြောသည်။

သို့ရာတွင် အခင်းဖြစ်ပွားပြီးရက်ပိုင်းအတွင်း ရဲခြောက်လုံးပြူးကို သက်ဆိုင်ရာသို့ပြန်လည် အပ်နှံခဲ့သည်ဟုလည်း သိရသည်။

မင်းဉာဏ်စိုက်ရာမာဉ်က “ ဒီလူငယ်တွေက မွန်အမျိုးသားအလံငယ်တွေကို ဆိုင်ကယ်မှာချိတ်ဆွဲသွားတယ်၊ ရဲတွေက မွန်အမျိုးသားအလံကိုပြဿနာရှာတာကစပြီး အပြန်အလှန်ထိုးကြိတ်ကြတာတွေ ဖြစ်တော့တာပါပဲ” ဟု ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မွန်လူငယ်ဖိုရမ်၏ မေလ ၆ ရက်နေ့ သဘောထားထုတ်ပြန်ချက်တွင် အဖမ်းဆီးခံရသော မွန်လူငယ် ၁၁ ဦးကိုခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် လူမျိုးဂုဏ်သိက္ခာနှောက်ယှက်မှု အလံဖျဲဖျက်သိမ်းဆည်းမှုပြုလုပ်သူ ဒုရဲအုပ်မြင့်နိုင်အား ထိရောက်စွာအရေးယူပေးရန် ဖေါ်ပြပါရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts