Homeသတင်းနိုင်ငံတကာ စံနှုန်းနှင့်ကိုက်ညီသည့် မီဒီယာဥပဒေထွက်ပေါ်လာရန်အတွက် တိုင်းရင်းမီဒီယာညီလာခံမှ တောင်းဆို

နိုင်ငံတကာ စံနှုန်းနှင့်ကိုက်ညီသည့် မီဒီယာဥပဒေထွက်ပေါ်လာရန်အတွက် တိုင်းရင်းမီဒီယာညီလာခံမှ တောင်းဆို

-

ခတ္တာနန်း – ပထမအကြိမ် တိုင်းရင်းမီဒီယာညီလာခံတွင် တိုင်းရင်းသား မီဒီယာ အဖွဲ့အစည်းများမှ မီဒီယာကွန်ယက် တစ်ရပ်ကို ဖွဲ့စည်းသွာရန်နှင့် နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီသည့် မီဒီယာဥပဒေတရပ် ထွက်ပေါ်လာရန် အတွက် ကြေညာချက် တစ်ရပ်ကို ထုတ်ပြန် တောင်းဆို လိုက်ကြောင်း သိရသည်။

တိုင်းရင်းမီဒီယာ ညီလာခံ ဖြစ်မြောက်ရေးမှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ကိုမင်းမင်းလတ်က “ တိုင်းရင်းသားတွေရဲ့ မီဒီယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက်ရယ် နောက်ပြီး အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေ ကလည်း အသွင်ကူပြောင်းရေးကာလ ဖြစ်နေပြီး၊ တိုင်းရင်းမီဒီယာတွေအနေနဲ့ကလည်း အားနည်း နေတဲ့အတွက် ဖွံ့ဖြိုးဖို့ အတွက်ကို ရည်ရွယ်ပြီး ကျနော်တို့ အချက် (၄) ချက်ကို တောင်းဆို လိုက်တာပါ” ဟု ပြောသည်။

တိုင်းရင်းမီဒီယာညီလာခံ၏ ထုတ်ပြန်ကြေညာချက်
တိုင်းရင်းမီဒီယာညီလာခံ၏ ထုတ်ပြန်ကြေညာချက်

တိုင်းရင်းမီဒီယာညီလာခံ ကိုယ်စားလှယ်များမှ တောင်းဆိုလိုက်သော အချက်များမှာ “ (၁) လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို အခြေခံပြီး နိုင်ငံတကာ စံချိန် စံနှုန်းများနှင့် အညီ မီဒီယာ ဥပဒေတစ်ရပ် ပေါ်ထွန်းလာရေးနှင့် ယင်းဥပဒေတွင် တိုင်းရင်းသားမီဒီယာများ ဖွံ့ဖြိုးလာစေရန်နှင့် လုံခြုံဘေးကင်းစေရန်အတွက် ပြဌာန်ချက်များ ထည့်သွင်းဖော်ပြသွားရန်။ (၂) မီဒီယာဥပဒေတဝင် တိုင်းရင်းသားမီဒီယာများ၏ အခန်းကဏ္ဍကို တိတိကျကျ သတ်မှတ်ပေးရန်။ (၃) မီဒီယာဌာနကြီးများအနေဖြင့် တိုင်းရင်းသား ဒေသမှ အခြေအနေများနှင့် တိုင်းရင်းသား မီဒီယာများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲကူညီပေးသွားရန်။ (၄)သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အစိုးရများအနေဖြင့် မိမိတို့ ဒေသတွင်း ပုံနှိပ်သတင်း၊ ရေဒီယို၊ ရုပ်သံလုပ်ငန်းများ၊ သတင်းမီဒီယာ တိုးတက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လွတ်လပ်စာ အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ပေးရန်” ဟု၍ တောင်းဆိုထားပါသည်။

ကိုမင်းလတ်က “ အခုဆိုရင် ပထမဆုံးအကြိမ် ဆိုတော့ အားနည်းချက်တွေလည်း ရှိတာပေါ့၊ ဒါပေမဲ့ အစမှာ ကောင်းခဲ့တယ်လို့ ပြောလို့ရတယ်၊ နောက်နှစ် နောက်နှစ်တွေလည်း ဒီထက် ပိုကောင်းအောင် ဆက်လက် လုပ်သွားဖို့၊ တိုင်းရင်းမီဒီယာတွေကလည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို ကြိုးပမ်းသွားကြဖို့ပါပဲ၊ ဒီအတွက် အားရစရာ ကောင်းပါတယ်” ဟု ပြောသည်။

တိုင်းရင်းမီဒီယာ ညီလာခံကို ယခုလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ထိ မော်လမြိုင်မြို့ Strand Hotel တွင် (၃) ရက် ပြုလုပ်ခဲ့ပါသည်။

ပထမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို သတင်းမီဒီယာ အဖွဲ့ (၁၁) ဖွဲ့ဖြင့် ပေါင်းစည်းထားသည့် နိုင်ငံတကာမြန်မာ့သတင်း (Burma News International (BNI)၊ Southeast Asian Press Alliance (SEAPA)၊ သံလွင်တိုင်း(မ်) နှင့် သှံင်တိုင်း( Guiding Star) တို့မှ ဦးဆောင် ပြုလုပ်သွားခဲ့ကြောင်း သိရသည်။

တိုင်းရင်းမီဒီယာ ညီလာခံကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ပြန်ကြားရေး ဝန်ကြီးဌာန်မှ ဒုတိယဝန်ကြီး၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ (၇) ပါတီ၊ မီဒီယာ အဖွဲ့ပေါင်း (၃၄) ဖွဲ့နှင့် လူထုအခြေပြု လူ့ အဖွဲ့အစည်း (၂၀) ဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ပြီး စုစုပေါင်း လူဦးရေ (၁၅၀) ဦး တက်ရောက်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts