မင်းသက်ခိုင် – ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲရှိ ဥဒေါင်းကန်ဒေါင့်၌ ထိုင်းနိုင်ငံသားပိုင် ကာစီနိုလောင်းကစားရုံဖွင့်လှစ်ထားကြောင်း မြို့ခံများထံမှ သိရသည်။

လောင်းကစားရုံ(၃) ရုံရှိပြီး ပန်းသီးပုံး၊ မြင်းပုံးနှင့် ကာစီနိုလောင်းကစားပစ္စည်းများ၊ စားသောက်ဆိုင်၊ တည်းခိုခန်းများလည်း ထားရှိသည်ဟု ပန်းသီးပုံးကစားခဲ့သူလူငယ်တစ်ဦးက ပြောသည်။
သူက “ဒီကာစီနိုရုံထဲကို မြို့ပေါ်ဌာနဆိုင်ရာဝန်ထမ်းတွေ တစ်ယောက်မှဝင်ထွက်သွားလာတာ မတွေ့ရဘူး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက လုံခြုံရေးတာဝန်သီးသန့်ယူထားတယ်ဆိုတော့ နိုင်ငံခြားသားတွေ၊ လောင်းကစားသူတွေပဲ ဝင်ရောက်ခွင့်ရှိတယ်” ဟု ပြောသည်။
၄င်းကစားဝိုင်းတွင် ၁၀ဝ၀-ဘတ်တန် ကူပွန်တစ်စောင်ဝယ်ယူသူအား ဘတ် ၂၀ဝ အပိုကြေး ထပ်ဆောင်းပေးသည်ဟု သိရသည်။

“ငွေအကြွေလဲပေးတဲ့မိန်းခလေးငယ်တွေ၊ သန့်ရှင်းရေးဝန်ထမ်းတွေဆိုရင် ထိုင်းနိုင်ငံသားတွေလည်း ရှိတယ်၊ လက်နက်ကိုင်လုံခြုံရေးအစောင့်တွေကတော့ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ တွေဖြစ်ကြတယ်” ဟု ကာစီနိုဝိုင်းလေ့လာခဲ့သူတစ်ဦးက ပြောသည်။
ယင်းလောင်းကစားဝိုင်းဖွင့်လှစ်သည့်ကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC နိုင်ငံခြားရေးနှင့်လူမှုဆက်ဆံရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးဒေါက်တာတင်မိုသီ က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းထံလိပ်မူ၍ အပန်းဖြေအနားယူနိုင်သောဟိုတယ်နှင့် ဂိမ်းစင်တာကို ငြိမ်းချမ်းရေးကောင်စီမှ ဦးစီးလုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်၊ မတ်လ ၄ ရက်နေ့စွဲဖြင့် စာတစ်စောင် ရေးသားပေးပို့ခဲ့သည်ကို လွတ်လပ်သောမွန်သတင်းအေဂျင်စီက မိတ္တူတစ်စောင်လက်ခံရရှိခဲ့သည်။
အထက်ဖေါ်ပြပါလုပ်ငန်းမှ ရရှိလာသောအကျိုးအမြတ်များအား ဒေသတွင်းလိုအပ်လျှက်ရှိသော စာသင်ကျောင်းများ၊ ဆေးပေးခန်းများ တည်ဆောက်ပေးခြင်း၊ လမ်းများဖေါက်လုပ်ခြင်း အစရှိသောလုပ်ငန်းတို့၌ ပြန်လည်ရင်းနှီးလုပ်ကိုင်သွားမည်ဖြစ်ကြောင်း ကရင်ငြိမ်းချမ်းရေးကောင်စီ၏ တင်ပြစာတွင် ရေးသားထားသည်။