Wednesday, March 18, 2026
More
    spot_img
    Homeသတင်းဟံသာဝတီပြန်လည်ထူထောင်ရေးပါတီအဖွဲ့ဝင်အချို့ လက်နက်ချအလင်းဝင်ခဲ့

    ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီအဖွဲ့ဝင်အချို့ လက်နက်ချအလင်းဝင်ခဲ့

    -

    အေမီ– တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီး မဏ္ဍိုင်မြို့နယ်ခွဲ လေညာကျေးရွာရှိ မြန်မာအစိုးရနယ်မြေခံတပ်ရင်းသို့ ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီအဖွဲ့ဝင် ၁၀ ယောက်တို့ ယခုလဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြသည်။

    ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီအဖွဲ့ဝင်အချို့ လက်နက်ချအလင်းဝင်ခဲ့ပုံ(မြဝတီ)
    ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီအဖွဲ့ဝင်အချို့ လက်နက်ချအလင်းဝင်ခဲ့ပုံ(မြဝတီ)
    ၄င်းတို့အလင်းဝင်ခဲ့စဉ် လက်နက်မျိုးစုံ ၁၂ လက်၊ ခဲယမ်း မျိုးစုံ ၁၂ဝ၇ တောင့်၊ ကျည်အိမ် မျိုးစုံ ၂၂ ခုပါရှိခဲ့ရာတွင် အမ် ၃၂ ပစ္စတို တစ်လက်၊ ပွိုင့် ၃ဝ ကာဘိုင်နှစ်လက်၊ အမ် ၁၆ နှစ်လက်၊ အိပ်ချ်ကေ နှစ်လက်၊ အေကေ ၄၇ တစ်လက်၊ ပွိုင့် ၂၂ တစ်လက်၊ ပြောင်းချော သေနတ်ကြီး တစ်လက်၊ ၄ဝ မမ ဗုံးပစ် လောင်ချာ တစ်လက်၊ လုပ်သေနတ်တို တစ်လက်၊ ဆက်စပ် ပစ္စည်းများနှင့် အတူ လက်နက်ချအလင်းဝင်ရောက် ခဲ့သည်ဟု မြဝတီသတင်းစာ ဖော်ပြချက်အရသိရသည်။

    ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီ ဥက္ကဌနိုင်ပန်းညွန့်နှင့်နီးစပ်သူတစ်ဦးက “သူတို့ဘယ်လိုလက်နက်ချပြီး အလင်းဝင်သွားသလဲဆိုတာ ကျနော်တို့လည်းအတိအကျမပြောနိုင်ဘူး၊ သူတို့ကဗိုလ်မှူးပန်ညွန့်ရဲ့ လက်အောက်ခံတွေပဲ၊ အခုလည်းဗိုလ်မှူးပန်ညွန့်ရဲ့ တံဆိတ်နဲ့ပဲဝင်သွားတယ်”ဟုပြောသည်။

    ၄င်းတပ်ဖွဲ့ဝင်များလက်နက်ချနေသည့်နေ့ရက်များတွင် ဥက္ကဌနိုင်ပန်းညွန့်သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေပြီး ကြားခံလူများမှတဆင့် မြဝတီရှိမြန်မာအာဏာပိုင်များနှင့် လှို့ဝှက်ဆွေးနွေးနေသည့်အချိန်နှင့်တိုက်ဆိုင်နေသည်ဟုလည်း အမည်မဖေါ်လိုသူ မွန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

    ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီအမည်ဖြင့်ဗိုလ်မှူးအဆင့်ရှိ နိုင်ညိုနှင့် အချန်းတို့သည် ၄င်းတို့လက်နက်မချမီတစ်ရက်စော၍ ဘုတ်ပြင်းမြို့နယ်၊ လေညာကျေးရွာ နယ်မြေခံတပ်ရင်းတွင် လက်နက်ချအလင်းဝင်ရောက်ခဲ့သည်ဟုလည်း မြဝတီသတင်းတွင်ဖေါ်ပြထားသည်။

    ထို့နောက်ကျန်ရှိနေသောအဖွဲ့ဝင်များအား ဆက်လက်ဆက်သွယ်ခဲ့ရာ ဗိုလ်မှူးအဆင့်ရှိ စိုးမြင့်ခေါင်းဆောင်သော အဖွဲ့ဝင်ရှစ်ဦးတို့သည် ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၄ နာရီခွဲ ခန့်တွင် လက်နက်ချအလင်းဝင်ခဲ့ခြင်း ဖြစ်သည်။

    “နိုင်စိုးမြင့်အဖွဲ့ နဲ့နိုင်ပိန်တို့နှစ်ဖွဲ့ပေါင်းပြီးအလင်းဝင်သွားတယ်လို့ ကြားသိရတယ်၊ ကျန်တဲ့အဖွဲ့ဝင်တွေကတော့ ဘယ်လိုခရီးဆက်သွားမလဲဆိုတာ စောင့်ကြည့်နေတုန်းပဲ” ဟု အထက်ပါ နိုင်ပန်းညွန့်နှင့်နီးစပ်သူတစ်ဦးက ဆက်ပြောသည်။

    နိုင်ပန်းညွန့်သည် မွန်ပြည်သစ်ပါတီ၏ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ခဲ့ဘူးပြီး မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA ၌ ဗိုလ်မှူးကြီးအဆင့် ဗျူဟာမှူးအဖြစ် ရေးချောင်းဖျားဒေသတွင်တာဝန်ထမ်းဆောင်စဉ် ၂၀ဝ၁ ခုနှစ်ခန့်တွင် မွန်ပြည်သစ်ပါတီမှခွဲထွက်၍ ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီကို တည်ထောင်ကာ ထိုင်းနယ်စပ်နှင့် ထိစပ်လျှက်ရှိသော တနင်္သာရီတိုင်း၌ လှုပ်ရှားလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks