spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းရန်ကုန်မြို့မွန်အမျိုးသားနေ့အခမ်းအနား တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားထား

    ရန်ကုန်မြို့မွန်အမျိုးသားနေ့အခမ်းအနား တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားထား

    -

    ခတ္တာနန်း – ယခုလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ကျင်းပမည့် (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား တက်ရောက်ပါရန် လူကိုယ်တိုင် ဖိတ်ကြားထားကြောင်း ကျင်းပရေးကော်မတီ ဒုဥက္ကဌ ဒေါ်ကျင်သန်းက ပြောသည်။

    နေပြည်တော်ပြည်ထောင်စုနေ့အခမ်းအနားတွင် ဒေါ်ကျင်သန်းက  ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားနေပုံ(Facebook)
    နေပြည်တော်ပြည်ထောင်စုနေ့အခမ်းအနားတွင် ဒေါ်ကျင်သန်းက
    ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားနေပုံ(Facebook)
    ဒေါ်ကျင်သန်းက “ အဲဒီနေ့မှာ လွှတ်တော်အစည်းအဝေးမှာ ရှိနေမယ်၊ ပိတ်ရက်တွေလည်း မဟုတ်တော့ အခမ်းအနားတက်ရောက်နိုင်မှာမဟုတ်ဘူးလို့ ဒေါ်စုက ခန့်မှန်းပြောပါတယ်၊ ဒါပေမယ့် အခြေအနေပေးခဲ့ရင်တော့ ကြိုးစားပါမယ်လို့ဆိုပါတယ်” ဟု ပြောသည်။

    အကယ်၍ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လူကိုယ်တိုင်မလာဖြစ်ခဲ့လျှင် သူမကိုယ်စား ပါတီ အဖွဲ့ဝင်များကိုစေလွှတ်ပြီး သဝန်လွှာပေးပို့လိမ့်မည်ဟု ပြောကြားခဲ့သည်။

    ထို့အပြင် ယင်းမွန်အမျိုးသားနေ့အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေ၊ ရန်ကုန် မြို့တော်ဝန်၊ ရန်ကုန်မြို့ အခြေစိုက် သံရုံးများမှ တာဝန်ရှိသူများ၊ ၈၈ မျိုးဆက် ကျောင်းသားများနှင့် တိုင်းရင်းသား ပေါင်းစုံတို့ကို ဖိတ်ကြားထားကြောင်း သိရသည်။

    အခမ်းအနားကျင်းပမည့် ရန်ကုန်မြို့ ပြည့်သူ့ရင်ပြင်၌ ဖေဖော်ဝါရီလ ၂၃-၂၄-၂၅ ညများတွင် မွန်အမျိုးသားနေ့ ရန်ပုံငွေအနုပညာ ဂီတပွဲတော်နှင့် ဈေးရောင်းပွဲတော်များကိုလည်း ကျင်းပမည့်အစီအစဉ်ရှိကြောင်း ဒေါ်ကျင်သန်းက ဆက်ပြောသည်။

    ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ ညပိုင်းမွန်အမျိုးသားနေ့ အကြိုဂီတပွဲတော်တွင် နာမည်ကြီး အဆိုတော်များဖြစ်သည့် ချစ်ကောင်း၊ အဲလက်(စ်)၊ R ဇာနည်း၊ ဖြိုးကြီး၊ လင်းလင်း၊ Smile Chan ၊ အဂ္ဂ၊ ကော်နီ၊ ထွန်းအိန္ဒြာဗိုလ်၊ ရှင်ဖုန်း၊ ဖြူဖြူကျော်သိန်း နှင့် နီနီခင်ဇော် တို့ပါဝင်သီဆိုကြမည်ဟုသိရသည်။

    ထို့နောက် ဖေဖေါ်ဝါရီ ၂၄ ရက်နေ့ ညပိုင်းတွင် မေတ္တာရွှေစင်အငြိမ့်အဖွဲ့က ဆက်လက်ဖျော်ဖြေသွားမည် ဖြစ်သည်။

    မွန်အမျိုးသားနေ့ဖြစ်သည့် ၂၆ ရက်နေ့ညနေပိုင်းတွင် အခမ်းအနားနှင့်ပျော်ပွဲရွှင်ပွဲများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ရာ ရိုးရာအကဖျော်ဖြေပွဲများနှင့် တက္ကသိုလ်ရောက် မွန်ကျောင်းသူ/သားများနှင့် ရန်ကုန်ရှိ မွန်လူငယ်များ၏ ရွေတိဂုံဘုရားသမိုင်း တခန်းရပ်ပြဇာတ်ကို ဖျော်ဖြေသွားမည် ဖြစ်သည်။

    ယခုနှစ်တွင် မွန်အမျိုးသားနေ့ဗဟိုအဆင့်အား မွန်ပြည်နယ်၊ ပေါင်မြို့တွင် ကျင်းပရန်စီစဉ်ထားပြီး ဖြစ်သည်။

    နှစ်စဉ်နှစ်တိုင်းကျရောက်သော မွန်အမျိုးသားနေ့ကျင်းပရေးဗဟိုအဆင့်အား အများသဘောတူညီပြီး အလှည့်ကျသည့်မြို့ရွာများတွင် မြို့နယ်အသီးသီး၏ကိုယ်စားလှယ်များက သတ်မှတ်ကျင်းပရန် ဆုံးဖြတ်အတည်ပြုခဲ့ကြခြင်းဖြစ်သည်။

    မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီများအနေဖြင့် နိုင်ငံရေးပါတီအဖွဲ့အစည်းများအား ဖိတ်ကြားခဲ့သည့်အစဉ်အလာမရှိခဲ့သော်လည်း ယခုအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အားဖိတ်ကြားခဲ့ခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts