spot_img
Monday, February 23, 2026
More
    spot_img
    Homeသတင်းစီမံကိန်းနယ်မြေအတွင်း ပြောင်းရွှေ့ရမည့်အမိန့်ကြောင့် ဒေသခံများစိုးရိမ်

    စီမံကိန်းနယ်မြေအတွင်း ပြောင်းရွှေ့ရမည့်အမိန့်ကြောင့် ဒေသခံများစိုးရိမ်

    -

    မင်းတော်လဝီ – ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ဥဿာမြို့သစ်ရပ်ကွက်(၉ )နှင့်(၈)ရှိ စီမံကိန်းဧရိယာအတွင်း ကျရောက်သည့် လူနေအိမ်များကို ၂၀၁၃ ခုနှစ် မတ်လ(၁)ရက်နေ့ နောက်ဆုံးထားပြောင်းရွှေ့ပေးရန် ပဲခူးခရိုင် အုပ်ချုပ်ရေးမှူးအမိန့်စာကြောင့် လက်ရှိနေထိုင်သူဒေသခံများ စိုးရိမ် မကင်းဖြစ်နေကြကြောင်း သိရသည်။

    ရပ်ကွက်အုပ်ချုပ်ရေးမှူးများသို့ညွှန်ကြားလွှာ (မစုစုနွေး-facebook)
    ရပ်ကွက်အုပ်ချုပ်ရေးမှူးများသို့ညွှန်ကြားလွှာ (မစုစုနွေး-facebook)
    ယခင်အမှတ်(၁) စက်မှုဝန်ကြီးဌာနပိုင်မြေမှ တိုင်းဒေသကြီးဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အ ထည်ဖေါ်ဆောင်ရွက်ရန် လွှဲပြောင်းပေးခဲ့သဖြင့် စီမံကိန်းဧရိယာအတွင်းကျရောက်သည့် ကျူးကျော်နေအိမ် များကို ပြောင်းရွှေ့ပေးရန် ဇန်နဝါရီလ ၂၈ ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ အမိန့်စာထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဥဿာမြိုသစ် ပြောင်းရွှေ့ရေးနှင့်နေရာချထားရေးအဖွဲ့မှ တာဝန်ရှိသူ တဦးကပြောသည်။

    ရပ်ကွက် (၉ ) ဆယ်အိမ်မှူးတဦးက “ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ရုံးကတဆင့် ညွှန်ကြားလိုက်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းလက်မှတ်နဲ့ ရပ်ကွက်မှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေပါဝင်တဲ့ ပြောင်းရွှေ့နေရာချအဖွဲ့တွေကို ညွှန်ကြားလာခဲ့တယ်” ဟု ပြောသည်။

    ဇန်နဝါရီလ ၂၄ ရက်နေ့ကကျင်းပပြုလုပ်သည့် ပြောင်းရွှေ့နေရာချထားရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းရေးအစည်းအဝေးဆုံးဖြတ်ချက် အမှတ်(က)အရ ပြောင်းရွှေ့ ပေးရမည်ဖြစ်သည်ဟု ဥဿာမြို့သစ် ရပ်ကွက် ၉ မှ ဦးလင်းနိုင်ဦးက ပြောသည်။

    “ပြောင်းရွှေ့ခံရတဲ့သူတွေကို အိမ်မြေကွက် အနံ၂၅ အလျှား ၄၀ ပေ ကိုပေးမယ်လို့ပြောတယ်၊ ယူချင်တဲ့သူလက်မှတ်ထိုးပါ၊ လက်မှတ်ထိုးပြီးတော့ ပြောင်းမယ့်နေ့ကျမှ မပြောင်းရင်တော့ ဖမ်းပြီးထောင်ချ မယ်ဟု ပဲခူးခရိုင် ဒုဦးစီးမှူး ဦးအောင်ကျော်မြင့်က ပြောထားတယ်” ဟု ၎င်းက ပြောသည်။

    လျှော်ကြေးမြေကွက်အတွက် တချို့က လက်မှတ်ထိုးကြ၍ မကျေမနပ်သည့် ဒေသခံတစ်ချို့က လက်မှတ်မထိုးဘဲ ဆက်လက်ဆန့်ကျင်သွားမည်ဟုလည်း သူက ဆက်ပြောသည်။

    ပြောင်းရွှေ့ခံရသည့် ပဲခူးဥဿာမြို့သစ် ရပ်ကွက်(၉) နှင့် (၈) တို့သည် မွန်စုအများဆုံးဖြစ်ပြီး အိမ်ထောင်စုပေါင်း ၉၀ဝ ကျော်နှင့် ဥယာဉ်ခြံ လယ်မြေများကိုလည်းသိမ်း ဆည်းခံရမည့် အရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတထံသို့ အသနားခံစာတင်ပြမည့်အပြင် လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများထံလည်း အကူအညီ တောင်းခံသွားမည်ဟု ဒေသခံများက ပြောသည်။

    ပဲခူးဥဿာမြို့သစ်ရပ်ကွက်၌ အမှတ်(၁)စက်မှုဝန်ကြီးဌာနမှ တိုင်းဒေသကြီးဖွံ့ဖြိုးရေးလုပ်ငန်းထံ အကောင်အထည်ဖေါ်ဆောင်ရွက်ရန်အတွက် လွှဲပြောင်းပေးအပ်ခဲ့သည့် မြေဧရိယာ (၁၇၂၅) ဧကကျော် ရှိကြောင်း သိရသည်။

    “ပြောင်းဖို့လို့ပြောနေတာပဲ ဒါပေမယ့်ဘယ်နေရာလဲတော့ တိတိကျကျမသိရသေးဘူး တချို့က ဥဿာမြို့သစ် အတွင်းပိုင်းကျကျဘက်ကို နေရာချပေးမယ်လို့ကြားနေရတယ်” ဟု ပဲခူးဥဿာမြို့သစ်မှ ကိုထိန်လင်း ကပြောသည်။

    “ပြောင်းရွှေ့လိုက်ရရင် တစ်ရပ်ကွက်လုံးအတိအကျဒုက္ခရာက်မှာမို့ အားလုံးက မကျေနပ်ဖြစ် နေကြတယ်၊ မပြောင်းလိုတဲ့အကြောင်းဆန္ဒထုတ်ဖေါ်ရမှာပဲ၊ ဒီမတ်လ ၁ ရက်နေ့ကျရင် ကျမ ဒီရပ်ကွက်ကိုလာစောင့်ကြည့်ဦးမယ်” ဟု မစုစုနွေးကပြောသည်။

    ပဲခူးမြို့နယ် ဥဿာမြို့သစ်သည် ပွဲစားကြီးကုန်း၊ ဘုရားသုံးဆူ၊ လာကမို့ စသည့်ကျေးရွာများရှိကြပြီး လယ်၊ ယာ၊ ခြံမြေများကိုအခြေပြုပြီး အသက်မွေးဝမ်းကြောင်းဖြစ် လုပ်ကိုင်လာခဲ့ကြသည်။

    ဥဿာမြို့သစ်တဝင် ၁၉၈၈ ခုနှစ် နောက်ပိုင်း နဝတအစိုးရလက်ထက်၌ လူနေအိမ်ယာ၊ အဝေးပြေးကားဂိတ်၊ စက်မှုဇုံ နှင့်စက်ရုံ အလုပ်ရုံများ စနစ်တကျနေရာချပေးထားခဲ့သည်။

    ထို့အပြင် အပြည်ပြည်ဆိုင်ရာ ဥဿာလေယာဉ်ကွင်းလည်းဆောက်လုပ်နေသည့်အတွက် ၎င်းမြေနေရာများသည် စက်မှုဇုန်၊ ဥဿာလေယာဉ်ကွင်းနှင့် နီးကပ်လျှက်ရှိပြီး အချက်အချာကျသည့်နေရာဖြစ်သည့်အတွက် တိုင်းဒေသကြီးဖွံ့ဖြိုးရေးလုပ်ငန်းများနေရာအဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်နိုင်သည်ဟုလည်း ပဲခူးမြို့ခံများက ခန့်မှန်းပြောဆိုနေကြသည်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks