spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းနိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးအမြန်ဖြစ်ပေါ်ရန် မွန်ပြည်သစ်ပါတီတိုက်တွန်း

    နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးအမြန်ဖြစ်ပေါ်ရန် မွန်ပြည်သစ်ပါတီတိုက်တွန်း

    -

    မင်းလုံး၊ အေမီ – ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသောစစ်ပွဲအပါအဝင် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး အမြန်ဖေါ်ဆောင်ပြီး နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးနိုင်ရေး ဦးတည်ကြိုးပမ်းကြပါရန် သက်ဆိုင်သူအားလုံးသို့ မွန်ပြည်သစ်ပါတီက အလေးအနက် တိုက်တွန်းလိုက်သည်။

    မွန်ပြည်သစ်ပါတီ၏ သဘောထားထုတ်ပြန်ချက်(NMSP)
    မွန်ပြည်သစ်ပါတီ၏ သဘောထားထုတ်ပြန်ချက်(NMSP)
    ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းအပေါ် ၂၀၁၃ -ခုနှစ် ဇန်နဝါရီလ ၃၀ရက်တွင် မွန်ပြည်သစ်ပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီက သဘောထားထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

    မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “ကချင်ဒေသမှာ ဘယ်သူကကျူးကျော်စစ်၊ ခုခံစစ်ဆိုတာ ခွဲခြားတတ်ဖို့လိုတယ်၊ ကချင်ကို အစိုးရတပ်က ထိုးစစ်ဆင်နေတဲ့ ကိစ္စရပ်တန့်ဖို့ ကျနော်တို့ အဖွဲ့ပေါင်းစုံကနေပြီးတော့ ထင်ထင်ပေါ်ပေါ်နဲ့တောင်းဆိုနေကြပါတယ်” ဟု ပြောသည်။

    တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုဦးတည်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ရေး အတွက် အစိုးရ၏ ဗမာ့တပ်မတော်ဘက်မှ သဘောထားကြီ်းစွာနှင့် KIO အားဝိုင်းပတ်ပိတ်ဆို့ ထားခြင်းကိုဖွင့်ပေးပြီး နှစ်ဖက်တပ်ကိုခွာ၍ တိုက်ပွဲရပ်စဲသွားစေရန်လုပ်ဆောင်သင့်သည်ဟု သူကပြောသည်။

    တစ်ဖက်တွင်လည်း လူမျိုးရေးမုန်းတီးနာကျည်းမှုအထိဖြစ်စေနိုင်သည့် စစ်ရေးကျူးကျော်မှု ပြဿနာမှအစပြု၍ ကချင်ဒေသအား ခုခံကာကွယ်ကြမည့်လူငယ်အများအပြားပေါ်ထွန်းလာနိုင်ပြီး စစ်မီးများပို၍ တောက်လောင်လာမည့်အရေးကိုစိုးရိမ်မိကြောင်း တိုးတက်သောမွန်လူငယ်အစည်းအရုံး Mon Youth Progressive Organization ဥက္ကဌ မင်းဉာဏ်စိုက်ရာမာဉ်က ပြောသည်။

    သူက “နိုင်ငံရေးနည်းနဲ့မဖြေရှင်းနိုင်ကြဘူးဆိုရင် လူငယ်တွေဘက်က ခုခံကာကွယ်မယ့် စိတ်ဓါတ်တွေနဲ့ လူမျိုးရေးအရအမုန်းပွားလာပြီး စစ်မီးတွေပိုပြီးတောက်လောင်လာမယ်၊ အခုစစ်ဘေးဒဏ်ကြောင့် ကချင်ဒေသမှာရှိတဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ ဒုက္ခပိုခံစားနေကြရတယ်၊ ဒီလိုအခြေအနေမှာ ကချင်လူငယ်တွေအနေနဲ့ ဘယ်လောက်ခံစားနေရမယ်ဆိုတာ ကျနော်တို့မွန်လူငယ်တွေကလည်း စာနာမိပါတယ်”ဟု ပြောသည်။

    ကချင်ဒေသစစ်ပွဲရပ်တန့်ရန် ၂၀၁၁-ခုနှစ် ဒီဇင်ဘာလ ၁၀ရက်တွင် သမ္မတကြီးက ဗမာ့တပ်မတော်စစ်ဦးစီးချုပ်ထံ စာရေးသားပေးပို့ခဲ့သော်လည်း ထိုးစစ်ရပ်စဲခြင်းမရှိခဲ့သလို၂၀၁၃-ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှစတင်၍ အစိုးရဖက်မှ ထိုးစစ်ကိုရပ်နားလိုက်ပြီဟု ကြေငြာခဲ့သည့်နောက်ပိုင်း KIO ဌာနချုပ်အနီးရှိ ဗျူဟာမြောက်တောင်ကုန်းများကို ဆက်လက်သိမ်းပိုက်နေသည်။

    ဤစစ်ပွဲကြောင့် သက်ဆိုင်ရာ နှစ်ဖက်သောတပ်ဖွဲ့ဝင်များနှင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့ရပြီး သိန်းနဲ့ချီသော ဒေသခံပြည်သူများအိုအိမ်နှင့်လုပ်ငန်းခွင်ကိုစွန့်ခွာကြရကာ ဒုက္ခသည်များအဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်သည်။

    ၁၉၉၄ ခုနှစ်တွင် အပစ်ရပ်စဲမှုသဘောတူညီခဲ့သော ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် မြန်မာအစိုးရ၏ဗမာ့တပ်မတော်တို့အကြား လွန်ခဲ့သည့်တစ်နှစ်ခွဲခန့်အကြာ ပြန်လည်ဖြစ်ပွားနေသော စစ်ပွဲသည် ၂၀၁၂ -ခုနှစ်အကူး ၂၀၁၃ခုတွင် အစိုးရစစ်တပ်ဘက်က ဂျက်တိုက်လေယာဉ် ၊ စစ်ရဟတ်ယာဉ်များဖြင့် ပြင်းပြင်းထန်ထန်တိ်ုက်ခိုက်လာခဲ့သည်။

    ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ပါရှိသည့်အနက် လက်ရှိတွင် KIO တစ်ဖွဲ့တည်းသာ အစိုးရနှင့်အပစ်ရပ်စဲရေး သဘောတူညီမှုထပ်မံမရရှိသေးပေ။

    နိုင်ငံရေးပြဿနာကို တဖွဲ့တည်းသီးခြားဆွေးနွေးရန်မဟုတ်၊ UNFC ကိုမဏ္ဍိုင်ထားပြီး စုစည်းနိုင်သမျှအဖွဲ့အစည်းများနှင့်စုပေါင်း၍ ဆွေးနွေးခြင်းကိုသာ လိုလားလက်ခံသည်ဟု မွန်ပြည်သစ်ပါတီ၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks