Saturday, March 14, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူတွင် သူခိုးဟုယူဆရသူအား အိမ်ကျော်နင်းမှုဖြင့်ဖမ်းဆီး

    ဘုရားသုံးဆူတွင် သူခိုးဟုယူဆရသူအား အိမ်ကျော်နင်းမှုဖြင့်ဖမ်းဆီး

    -

    မင်းသုတ – ကရင်ပြည်နယ်၊ ဘုရားသုံးဆူနယ်စပ်မြို့တွင် သူခိုးဟုယူဆရသူ ရီဝင်း(ခ)စိုးဝင်း(ခ)ငခြောက် အသက်(၄၅)နှစ်အား ဖမ်းဆီးရမိပြီး အိမ်ကျော်နင်းမှု ပုဒ်မ ၄၅၇ ဖြင့်အမှုဖွင့်နိုင်ရန် ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။

    ဘုရားသုံးဆူမြို့ မတည်ငြိမ်မှု မြင်ကွင်း (IMNA)
    ဘုရားသုံးဆူမြို့ မတည်ငြိမ်မှု မြင်ကွင်း (IMNA)
    ဘုရားသုံးဆူမြို့၊ ရပ်ကွက်(၃)၊ နှင်းဆီလမ်းသွယ် ၅-၆ အကြားနေ ကိုသိန်းမိုးနိုင်(ခ) မုတ်ဆိတ်၏နေအိမ်အတွင်းသို့ ယခုလ ၂၆ ရက်နေ့၊ နံနက်(၁) နာရီအချိန်ခန့်တွင် ဝင်ရောက်ခဲ့စဉ် အိမ်ရှင်နိုးပြီးပတ်ဝန်းကျင်သို့ လိုက်လံအကူအညီတောင်း၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

    “အိမ်ရှင်နိုးသွားလို့ ဓါးနဲ့လိုက်ခုတ်တာ သူထွက်ပြေးလိုက်ရတော့ ဘာပစ္စည်းမှမရလိုက်ဘူးလေ၊ သူ့ခါးမှာထမ်းလှီးဒါးလို ဓါးတစ်ချောင်းနဲ့ ကျောဘက်ဘယ်ညာမှာ ဓါးမနှစ်ချောင်းလွယ်ထားတယ်၊ လက်နှိပ်ဓါတ်မီးတစ်လုံး၊ ခေါင်းစွပ်နဲ့ပါဖမ်းမိတယ်” ဟု ဝိုင်းဝန်းဖမ်းဆီးခဲ့သူတစ်ဦးက ပြောသည်။

    သူခိုးဟုယူဆသူရသူ ငခြောက်သည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာဇာတိဟုသိရပြီး လက်ရှိတွင် ဘုရားသုံးဆူမြို့၊ ငုဝါလမ်းသွယ်(၇) ၌ မိသားစုနှင့်အတူတန်းလျားငှားနေထိုင်လျှက် ရှိသည်။

    မြို့ခံတစ်ဦးက “ဒီသူခိုးအုပ်စုက အဖွဲ့လိုက်လှုပ်ရှားနေကြတယ်၊ ခိုးပြီးရင် သူတို့မော်တော် ဆိုင်ကယ်တွေနဲ့ ထွက်ပြေးတာ ခြေရာဖျောက်သွားတာမျိုးတွေ ရှိခဲ့တယ်” ဟု ပြောသည်။

    တရားခံဟု ယူဆရသူ ငခြောက်အား ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ခရိုင်တရားရုံးပို့ ဆောင်ရမည်ဟု ရဲဝန်ထမ်းတစ်ဦးထံမှ သိရသည်။

    သူက “ဒီမြို့မှာက တရားသူကြီးမရှိလို့ အမှုဖွင့်လို့မရဘူး၊ အမှုကိစ္စမှန်သမျှ ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ကော့ကရိတ်ခရိုင်ရုံးတို့ကို သွားဖွင့်ရတယ်၊ သွားရေးလာရေး၊ လုံခြုံရေး၊ လမ်းစရိတ် တော်တော်လေးဒုက္ခဖြစ်ကြရတယ်၊ အခုငြိမ်းချမ်းတဲ့ကာလမို့ တော်သေးတယ်” ဟု ပြောသည်။

    တရားခံဟုယူဆရသူ ငခြောက်ဆိုသူအား မည်သည့်နေ့ရက်တွင် ကော့ကရိတ်မြို့ ခရိုင်တရားရုံးပို့ ဆောင်မည်ကို ရက်မသတ်မှတ်ရသေးပေ။

    ဘုရားသုံးဆူမြို့ခံဝန်ထမ်းတစ်ဦးက “အမှုမဖွင့်နိုင်၊ ဖမ်းဆီးချုပ်နှောင်ထားဖို့ ရမန်မရှိပဲနဲ့ ရဲစခန်းက ၂၄ နာရီထက်ကျော်ပြီး ထိန်းသိမ်းထားလို့မရဘူး၊ သုံးဆူမြို့နယ်ခွဲတရားသူကြီးမရှိတော့ ဥပဒေကြောင်းအရ အခက်အခဲအများကြီးရှိနေတယ်”ပြောသည်။

    ထို့ကြောင့် ဘုရားသုံးဆူမြို့နယ်ခွဲတွင် အမှုများပေါ်ပေါက်ခဲ့လျှင် ရဲစခန်းတွင်ကြေအေးခြင်း၊ နီးစပ်ရာမွန်ပြည်သစ်ပါတီ၊ KNU, DKBA အဖွဲ့အစည်းများထံ အဆုံးအဖြတ်ရယူနေကြရသည်ဟု သိရသည်။

    ဘုရားသုံးဆူမြို့တွင် ပစ္စည်းများအခိုးခံခဲ့ရသည့်ဖြစ်ရပ်များ မကြာခဏပေါ်ပေါက်ခဲ့သော်လည်း လက်ရဖမ်းဆီးအရေးယူနိုင်မှုများ မရှိခဲ့သေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks