Homeသတင်းသံဖြူဇရပ်မြို့မဈေးကြီး ရှို့မီးဖြစ်နိုင်ဟု ဆိုင်ခန်းပိုင်ရှင်များပြော

သံဖြူဇရပ်မြို့မဈေးကြီး ရှို့မီးဖြစ်နိုင်ဟု ဆိုင်ခန်းပိုင်ရှင်များပြော

-

လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊သံဖြူဇရပ်မြို့မဈေးကြီးမီးလောင်မှုတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့်မဟုတ်ဘဲ ရှို့မီးဖြစ်နိုင်ကြောင်း ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

သံဖြူဇရပ်မြို့မဈေး မီးလောင်နေဆဲပုံ (ဗညားထောလေး-Facebook)
သံဖြူဇရပ်မြို့မဈေး မီးလောင်နေဆဲပုံ (ဗညားထောလေး-Facebook)
ဇန်နဝါရီလ ၁၈ ရက်နေ့ ညသန်းခေါင်ယံမှ စတင်လောင်ကျွမ်းခဲ့သည့် သံဖြူဇရပ်မြို့မဈေးကြီးသည် ပလတ်စတစ်ပန်းခက်များရောင်းချသည့်ဆိုင်မှ ဝါယာရှော့ခ်ကြောင့်ဟု ကနဦးအစပိုင်းတွင် ယူဆပြောဆိုနေကြသော်လည်း ဇန်နဝါရီလ ၂၂ ရက်နေ့၌ ဈေးဝင်းအတွင်းသို့ ဝင်ရောက်စစ်ဆေးရာ မသင်္ကာဖွယ်ရာမီးလောင်လွယ်သည့် ကာဗိုက်ဘူးများ ဈေးပတ်လမ်းများတွင် တွေ့ရှိခဲ့သည်ဟု ဆိုင်ခန်းပိုင်ရှင်များ ပြောပြချက်အရ သိရသည်။

မီးလောင်ခံဆိုင်ပိုင်ရှင်တစ်ဦးက “ဈေးမီးလောင်တာက လျှပ်စစ်ဝါရှော့ခ်ကြောင့် မဟုတ်ဘူးဆိုတာကို အားလုံးလက်ခံထားကြပြီး၊ ရှို့မီးပဲဖြစ်တယ်လို့ပြောတယ်၊ ရှို့မီးဖြစ်ဖို့အတွက် ဘယ်ကအစီအမံနဲ့လာတာလဲ၊ ဒါကိုသိဖို့လိုတယ်” ဟု ပြောသည်။

ယင်းဈေးကြီးမီးလောင်မှုနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ အစီရင်ခံစာတင်ပြနိုင်ရန် အသစ်ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးကော်မတီက ဖြစ်စဉ်အချက်အလက်များ လိုက်လံစုဆောင်းနေသည်။

အသစ်ဖွဲ့စည်းထားသည့် စုံစမ်းရေးကော်မတီတွင် ဈေးကော်မတီအဖွဲ့၊ ရဲတပ်ဖွဲ့၊ ရဲသတင်းတပ်ဖွဲ့ SBနှင့် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ (စ စ စ) တို့ပါဝင်ပြီး စည်ပင်သာယာရေးဌာနဝန်ထမ်းများ ပါဝင်ခွင်မရှိဟုသိရသည်။

ယခင်စုံစမ်းရေးကော်မတီအဖွဲ့တွင် လျှပ်စစ်ဌာန၊ စက်မှုကြီးကြပ်ရေးဌာန၊ စည်ပင်သာယာရေးဌာနနှင့် အုပ်ချုပ်ရေးဌာနတို့ ပါဝင်ကြသည်။

မြို့မဈေးမီးလောင်ကျွမ်းမှုကြောင့် ဈေးခေါင်းဦးစိုးသိန်း အပါအဝင် ၆ ဦးတို့အား သံဖြူဇရပ်မြို့ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဦးက “ဈေးမီးလောင်မှုဖြစ်စဉ် အသေအချာတည်ပြုနိုင်ဖို့အတွက် ကျနော်တို့နဲ့ ပြည်နယ်အစိုးရဝန်ကြီးတို့ ကြိုးပမ်းနေတုန်းပဲ၊ ယာယီဈေးကိုတော့ လောလောဆယ် ပန်းခြံမှာဖွင့်ထားတယ် အခုဆိုင်ခန်းတွေ ဆောက်ဖို့အတွက် တစ်ခန်းကို သုံးသောင်းပေးရတယ်” ဟု ဆိုသည်။

သံဖြူဇရပ်မြို့မဈေးကြီးသည် ဇန်နဝါရီလ ၁၈ ရက်နေ့ညသန်းခေါင်ယံမှ ၁၉ ရက်နေ့နံနက်ကူးချိန်တွင် မီးလောင်မှုဖြစ်ပေါ်ခဲ့ရာ ပြာပုံအထိသာကျန်ရှိခဲ့ပြီး ဒေသခံ မွန်တိုင်းရင်းသားတို့၏ ရင်းနှီးငွေကျပ် သိန်းပေါင်းသန်းနှင့်ချီ၍ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။

ဈေးကြီးမီးလောင်မှုကြောင့် လျှပ်စစ်ပစ္စည်း ၂၇ ဆိုင်၊ ရွှေဆိုင် ၉၅ ဆိုင်၊ ကုန်စုံဆိုင် ၄၁ ဆိုင်၊ အထည်လိပ် ၂၁၅ ဆိုင်နှင့် အခြားပစ္စည်းအမျိုးစုံရောင်းချသော ဆိုင်ခန်းပေါင်း ၆၀ဝ နီးပါခန့် ဆုံးရှုံးခဲ့ရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts