Homeသတင်း(၄၇)ကြိမ်မြောက် ရာမညဝိနယာဓိက မွန်စာပြန်ပွဲ ရန်ကုန်မြို့တွင်ကျင်းပ

(၄၇)ကြိမ်မြောက် ရာမညဝိနယာဓိက မွန်စာပြန်ပွဲ ရန်ကုန်မြို့တွင်ကျင်းပ

-

မင်းတော်လဝီ – မွန်နာယကဆရာတော်ကြီးများ ဦးဆောင်၍ နှစ်စဉ်ကျင်းပမြဲ ဖြစ်သော (၄၇)ကြိမ်မြောက် ရာမညဝိနယာဓိက မွန်စာပြန်ပွဲကို ယနေ့နံနက် ၉ နာရီခန့်တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်း၊ တောင်ဘက်မုခ်ရှိ မွန်ဓမ္မာရုံ၌ စတင်ကျင်းပသည်။

ရာမညဝိနယာဓိက မွန်စာပြန်ပွဲကို ရန်ကုန်မြို့ပေါ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပရိယတ္တိစာပေများကို သင်ယူလေ့လာနေသည့် မွန်ရဟန်းသာမဏေများကိုရည်စူး၍ စာပြန်ပွဲကိုကျင်းပရခြင်းဖြစ်သည်ဟု နာယကအဖွဲ့ဝင် ဆရာတော်တပါးက မိန့်သည်။

စာပြန်ပွဲ ကြီးကြပ်ရေးအဖွဲ့တဝင် ဗိုလ်တထောင်မွန်ပရိယတ္တိစာသင်တိုက်ဆရာတော်က “မွန်ဒေသဘက်မှာ ကိုယ့်ဂိုဏ်းနဲ့ကိုယ်စာပြန်ပွဲတွေလုပ်နေကျပဲ၊ ရန်ကုန်မှာစတင် ဆောင်ရွက်ခဲ့တဲ့ပုဂ္ဂိုလ်တွေကတော့ မွန်ခေါင်းဆောင်ကြီး နိုင်ချစ်သောင်း၊ နိုင်ဖိုးချို၊ နိုင်မွန်ထောတို့ကမွန်ဆရာတော်ကြီးများရဲ့သြဝါဒကိုခံယူပြီး စာပြန်ပွဲစတင်ကျင်းပခဲ့ပါတယ်” ဟု မိန့်သည်။

ယနေ့နံနက်ကျင်းပသည့် စာပြန်ပွဲကို ဇန်နဝါရီလ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ရာ ရဟန်းသာမဏေစုစုပေါင်း ၂၅၀ ပါးခန့် တက်ရောက်ခဲ့သည်ဟု ဆရာတော်က မိန့်သည်။

ရန်ကုန်မွန်ပိဋကတ်တိုက် စတင်ဆောက်လုပ်ချိန်မှစပြီးစာပြန်ပွဲ ကျင်းပလာခဲ့သည်မှာ ၄၇ ကြိမ်မြောက် ရောက်ရှိလာခဲ့ပြီဖြစ်သည်ဟုလည်း ကျင်းပရေးအကျိုးတော်ဆောင် နိုင်မင်းသောင်းသျှင်က ပြောသည်။

“ရှေးဆရာတော်နဲ့ မွန်ဒါယကာတွေဆောင်ရွက်လာခဲ့တဲ့ သာသနာရေးကိစ္စတွေ ပရိယတ္တိစာပေတွေတက်ပြန့်ပွားဖို့၊ မွန်ပရိယတ္တိစာပေနဲ့ အစိုးရစာမေးပွဲအတွက်လည်း အထောက် အကူဖြစ်ပါတယ်” ဟု သူကဆက်ပြောသည်။

စာပြန်ပွဲတွင် စာထောက်စာစစ်မွန်ဆရာတော်ကြီး အပါး ၃၀ က တာဝန်ယူကြီးကြပ်၍ နှုတ်အာဂုံဆောင်စာပြန်မည့်ရဟန်း၊ သာမဏေတို့အား ဆွမ်းကွမ်းဝေယာဝစ္စကိစ္စရပ်များကို ရန်ကုန်ဒါယကာများအပြင် မွန်ပြည်နယ်မှ စေတနာရှင်ဒါယကာများလည်း လာရောက် လှူဒါန်းနေကြသည်ဟု သိရသည်။

နိုင်ငံတော်ကကြီးမှူးကျင်းပနေသော ပရိယတ္တိပထမပြန်စာမေးပွဲကိုတွင် မွန်ဘာသာဖြင့် ဖြေဆိုခွင့်ရှိသည့်အတွက် ရန်ကုန်မြို့၊ မန္တလေးမြို့များ၌ မွန်ပရိယတ္တိစာသင်တိုက်များ ဖွင့်လှစ်ပို့ချပေးလျှက်ရှိကြောင်း သိရသည်။

ထို့အပြင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ သာသနာ့ ၂၅၀ဝ ပြည့် ဘုန်းတော်ကြီးကျောင်းတွင် ရာမညဓမ္မစာရိယစာမေးပွဲကို မွန်သံဃာတော်များက မွန်သံဃာတော် ၂၀ဝ၀ နီးပါးခန့် နှစ်စဉ်ဖြေဆိုလျှက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts