Homeသတင်းကချင်ဒေသစစ်ပွဲအတွင်း တပ်မတော်သားအများအပြား ကျဆုံးဒဏ်ရာရရှိဟု သတင်းထုတ်ပြန်ချက်တွင်ဖေါ်ပြ

ကချင်ဒေသစစ်ပွဲအတွင်း တပ်မတော်သားအများအပြား ကျဆုံးဒဏ်ရာရရှိဟု သတင်းထုတ်ပြန်ချက်တွင်ဖေါ်ပြ

-

မင်းသုတ – (ဇန်နဝါရီ-၁၉)- ၂၀၁၁ ခုနှစ်ဇွန်လမှစတင်ဖြစ်ပွားခဲ့သော ကချင်လွတ်လပ်ရေးအဖွဲ့ KIO တိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်မှ အရာရှိစစ်သည်အများအပြားကျဆုံး၊ ဒဏ်ရာ အများအပြား ရရှိခဲ့ကြောင်း ဇန်နဝါရီလ ၁၈ ရက်နေ့စွဲဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက်(၃/၂၀၁၃)တွင် ဖေါ်ပြသည်။

ရှေ့တန်းသို့သွားရောက်မည့် ဗမာ့တပ်မတော်စစ်ကြောင်းတစ်ခု(Internet)
ရှေ့တန်းသို့သွားရောက်မည့် ဗမာ့တပ်မတော်စစ်ကြောင်းတစ်ခု(Internet)
၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ KIO/KIA အဖွဲ့နှင့် အစိုးရတပ်မတော်တိုက်ပွဲ ၁၀၉၅ ကြိမ်ထိတွေ့မှုဖြစ်ပေါ်ခဲ့ရာတွင် လမ်းတံတားဖျက်ဆီးခံရမှု ၁၂၂ ကြိမ်၊ တပ်စခန်းအားလာရောက်ပစ်ခတ်မှု ၆၄ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး လဂျားယန်ရှိ အစိုးရ၏တပ်မတော်စစ်စခန်းသို့ ရိက္ခာများပို့ဆောင်ရာတွင် KIO/KIA လက်နက်ကိုင်အဖွဲ့ ၃ ကြိမ်ချုံခိုတိုက်ခိုက်ခဲ့မှုကြောင့် တပ်မတော်သား ၃၅ ဦးကျဆုံးကာ ၁၉၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။

တရုပ်နယ်စပ်အခြေစိုက် စစ်ရေးလေ့လာစောင့်ကြည့်သူ ဦးအောင်ကျော်ဇော်က “ လွတ်လပ်ရေးရပြီး မြန်မာပြည်စစ်ပွဲသမိုင်းမှာ အင်းစိန်တိုက်ပွဲပြီးလျှင် အခုကချင်စစ်ပွဲက အပြင်းထန်ဆုံး၊ အရက်စက်ဆုံးဖြစ်တယ်၊ ကျနော်တို့လေ့လာမိသလောက်ဆိုရင် နိုဝင်ဘာလ ၁၅ ရက်ကနေ အခုဇန်နဝါရီလ ၁၅ ရက် ဒီ ၂ လအတွင်း မြန်မာစစ်တပ်ကသုံးစွဲခဲ့တဲ့စစ်စရိတ်ဟာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၃ သန်းရှိခဲ့တယ်” ဟု ယမန်နေ့ညပိုင်း BBC မြန်မာပိုင်းသတင်းဌာန မြန်မာ့အရေးကမ္ဘာ့အရေးဆွေးနွေးခန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ်ကုန်ပိုင်း ခရစ်စမတ်ကာလမှစတင်၍ KIO ဌာနချုပ်အနီး လဂျားယန်ဒေသတိုက်ပွဲများအတွင်း မြန်မာအစိုးရတပ်ဖွဲ့က စစ်ဂျက်တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များဗုံးကျဲတိုက်ခိုက်ခဲ့ရာ မြစ်ကြီးနား လေတပ်စခန်းဌာနချုပ်ရဟတ်ယာဉ်တစ်စီးသည် မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာအနီး၌ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ပျက်ကျခဲ့သည်။

လဂျားယန်ရှိ မြန်မာ့တပ်မတော်စခန်းအပြင်ဖက်တွင် KIO/KIA တပ်ဖွဲ့ဝင်များသံဆူးကြိုးကာ၍ စခန်းကိုအဆက်အသွယ်ဖြတ်တောက်ထားသဖြင့် စစ်သည်များရိက္ခာပို့ရန် စစ်ရေးအရလေကြောင်းပစ်ကူ ရယူခဲ့သည်ဟုလည်း အစိုးရသတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

တဖက်တွင်လည်း ယနေ့ဇန်နဝါရီ ၁၉ နေ့စွဲဖြင့် KIO ဗဟိုကော်မတီမှထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် မြန်မာ့တပ်မတော်အနေဖြင့် စစ်လှုပ်ရှားမှုများကိုရပ်ဆိုင်းသည်ဆိုရာတွင် လဂျားယန်တွင်သာမက ကချင်ဒေသအနှံ့ဖြစ်သင့်ကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်မှတဆင့် ရှေ့အလားလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း စသည့်အချက်များပါရှိသည်။

ထို့အတူ သမ္မတဦးသိန်းစိန်က ကချင်ကေအိုင်အေအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်ပါကြောင်း၊ တပ်မတော်က ဆောင်ရွက်လျက်ရှိသော စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းရန် ၎င်းအနေဖြင့် အမိန့်ပေးလိုက်ပြီဖြစ်ပြီး ကေအိုင်အေအနေနှင့်လည်း စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားရန် လိုအပ်ကြောင်း၊ ၎င်းအနေဖြင့် ငြိမ်းချမ်းရေးရရှိသည်အထိ ဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း၊ အစိုးရနှင့်အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် နိုင်ငံရေးဆွေးနွေးမှုများကို ယခုနှစ်နှစ်ဆန်းပိုင်းတွင် စတင်ပြုလုပ်မည်ဟုလည်းနေပြည်တော်ရှိ MICC ခန်းမအခမ်းအနား၌ ယနေ့တွင် မိန့်ခွန်းပြောကြားခဲ့သည်ဟု သိရသည်။

လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် မတ်လ ၁ ရက်နေ့က သမ္မတဦးသိန်းစိန်၏ပြည်ထောင်စုလွှတ်တော်မိန့်ခွန်းတစ်ရပ်တွင် “ကာကွယ်ရေးဦးစီးချုပ်သို့ အောက်ခြေ တပ်များကို ထိုးစစ်မဆင်ရန် ညွန်ကြားထားသော်လည်း KIO နှင့် အစိုးရအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း” ဟုထည့်သွင်း ပြောကြားခဲ့သည်။

၂၀၁၀ ခုနှစ်ဝန်းကျင်တွင် အပစ်ရပ်လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများသည် စစ်အစိုးရ၏နယ်ခြားစောင့်တပ်ဖွဲ့ပြောင်းလဲမည့် အစီအစဉ်အားငြင်းဆန်ခဲ့ပြီးနောက်ပိုင်း တစ်နိုင်ငံလုံးတွင် အစိုးရနှင့် စစ်ရေးတင်းမာမှုများဖြစ်ပေါ်ခဲ့ရာ ပြည်နယ်အသီးသီးတွင် တိုက်ပွဲများပြန်လည်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မြန်မာအစိုးရသည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIO မှအပ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ထက်မနည်း အပစ်အခတ်ရပ်စဲမှုသဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

ဦးသိန်းစိန် သမ္မတလက်ထက်တွင် မြန်မာအစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIO နှစ်ဖက်ကိုယ်စားလှယ်တို့ ၁၁ ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း အပစ်အခတ်ရပ်စဲမှု လက်မှတ်မရေးထိုးနိုင်ခဲ့ကြပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts