spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမုဒုံဦးကျေးရွာအနီးတဝိုက်ရှိ ရာဘာစက်ရုံရေဆိုးရေညစ်များ စနစ်တကျစွန့်ပစ်ခြင်းမရှိ

    မုဒုံဦးကျေးရွာအနီးတဝိုက်ရှိ ရာဘာစက်ရုံရေဆိုးရေညစ်များ စနစ်တကျစွန့်ပစ်ခြင်းမရှိ

    -

    မင်းလုံး၊ အေမီ – မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မုဒုံဦးကျေးရွာအနီးတဝိုက်ရှိ ရာဘာစက်ရုံများမှ ထွက်ရှိလာသော အက်ဆစ်ဓါတ်ပါဝင်သည့်ရေဆိုးရေညစ်များ စနစ်တကျစွန့်ပစ်ခြင်းမရှိ၍ ချောင်းထဲသို့အလိုအလျှောက် စီးဆင်းသွားသဖြင့် ငါး၊ ဖား စသည့်ရေနေသတ္တဝါများ သေဆုံးနေကြောင်း သိရသည်။

    မုဒုံဦးကျေးရွာအနီးတဝိုက်ရှိ ရာဘာစက်ရုံတစ်ရုံ(IMNA)
    မုဒုံဦးကျေးရွာအနီးတဝိုက်ရှိ ရာဘာစက်ရုံတစ်ရုံ(IMNA)
    ထို့အပြင် မုဒုံဦး၊ ဘဲရမ်း၊ ကွမ်တာ၊ ကော့ခပုံကျေးရွာများတွင် ၄င်းမှိုင်းခံရာဘာစက်ရုံများ၏ အနံ့အသက်များနှင့် ရေပုပ်နံ့များကို အမြဲတမ်းရှူရှိုက်နေရသည်ဟုလည်း ဒေသခံများက ပြောသည်။

    မုဒုံဦးကျေးရွာနေ အငြိမ်းစားကျန်းမာရေးဝန်ထမ်းတစ်ဦးက “ရာဘာစက်ရုံကစွန့်ပစ်တဲ့ ရေပုပ်တွေဟာ အနံ့တော်တော်ဆိုးတယ်၊ ဒီအနံ့အသက်ဆိုးကြောင့် အစိုးရအိမ်တွင်းမှုသိပ္ပံကျောင်းသင်တန်းသူတစ်ဦး မူးဝေဒဏ်ခံစားရလို့ ကျမမှာဆေးလာကုသွားတယ်၊ အခြားသူတွေလည်း မူးဝေတဲ့ဝေဒနာတွေ ခံစားနေရပါတယ်” ဟု ပြောသည်။

    လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင်တွင် မုဒုံဦးကျေးရွာတဝိုက်၌ ရာဘာစက်ရုံ ၂ ရုံခန့်သာရှိခဲ့ရာမှ ယခုအခါ ပုဂ္ဂလိကရာဘာကြိတ်စက်ရုံ၊ မှိုင်းခံစက်ရုံ ၁၀ ရုံခန့်ရှိသောကြောင့် အနံ့ဆိုးများပိုမိုများပြားလာသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    ယင်းရာဘာစွန့်ပစ်ရေဆိုးရေညစ်များ မြောင်းများမှတဆင့် ချောင်းထဲစီးဆင်းနေမှုကြောင့် ဒူးရင်း၊ ကြက်မောက်၊ ကျွဲကော် စသည့်ဥယာဉ်ခြံ အသီးအနှံပင်များ ရေပေးဝေရန် အခက်အခဲနှင့်ရင်ဆိုင်နေရသည်။

    “အရင်ကဆိုရင် ကျနော်တို့မုဒုံဦးကျေးရွာက စိုက်ပျိုးရေးကျေးရွာတစ်ရွာပေါ့၊ ဒူးရင်း၊ ကြက်မောက်၊ ကျွဲကော်တို့ကို အဓိကထားစိုက်ပျိုးကြတယ်၊ အခုတော့ ရာဘာစက်ရုံ၊ မိူင်းရုံ အဲလိုတွေ များလာတော့ အဲဒီကထွက်တဲ့ အညစ်အကြေးတွေကို စည်းမဲ့ကမ်းမဲ့ မြောင်းထဲကို ဖေါက်ချတော့ချောင်းထဲကို စီးဝင်သွားတာပေါ့” ဟု ၎င်းဒေသခံက ပြောသည်။

    ရာဘာအနံ့အသက်ဆိုးများခံစားနေရသည့်ကိစ္စအား ယမန်နှစ်တွင် မုဒုံဦးကျေးရွာသားများ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သော်လည်း မည်သူမျှအရေးယူဆောင်ရွက်ခြင်းမရှိကြောင်း သူက ဆက်ပြောသည်။

    မုဒုံဦးကျေးရွာသည် လွန်ခဲ့သည့် ၂၅ နှစ်တာကာလတွင် ဥယာဉ်ခြံစိုက်ပျိုးရေးကျေးရွာတစ်ရွာအဖြစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

    အလားတူ မုဒုံမြို့နယ်တောင်ပိုင်း တော်ကူး၊ တံခွန်တိုင်ကျေးရွာအနီးတဝိုက်များတွင်လည်း ရာဘာစက်ရုံမှထွက်ရှိသောအနံ့ဆိုးများဒဏ်ကို ခံစားနေကြရသည်ဟုလည်း ဒေသခံရွာသားများထံမှ သိရသည်။

    ယင်းရာဘာကြိတ်စက်ရုံများသည် ဒေသထွက်ရာဘာစေးအမျိုးမျိုးအား ပြည်ပပို့ဆောင်နိုင်မည့် အရည်အချင်းပြည့်မီသော ရာဘာတုံးများပြုလုပ်ရာတွင် စက်ဖြင့်ကြိတ်ခြင်း၊ ရေနှင့်အက်ဆစ်ဓါတုပစ္စည်းများအသုံးပြုခြင်း၊ မီးဖြင့်အပူပေးခြင်းတို့ကို အဆင့်ဆင့်ပြု လုပ်နေရသည်ဟု စက်ရုံလုပ်သားတစ်ဦးထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks