spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းပျူလူမျိုးနှင့်ပျူစာတမ်းဖတ်ပွဲ ပိတ်ပေးမည်ဟု သူရဦးရွှေမန်းပြော

    ပျူလူမျိုးနှင့်ပျူစာတမ်းဖတ်ပွဲ ပိတ်ပေးမည်ဟု သူရဦးရွှေမန်းပြော

    -

    မင်းသုတ – မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် ယမန်နေ့ကျင်းပခဲ့သော တွေ့ဆုံပွဲ၌ ပျူလူမျိုးနှင့်ပျူစာတမ်းဖတ်ပွဲပိတ်ပေးမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောခဲ့ကြောင်း တက်ရောက်သူများထံမှ သိရသည်။

    ဦးရွှေမန်း မော်လမြိုင်လေဆိပ်မှပြန်လည်ထွက်ခွာစဉ်(မြဝတီ)
    ၄င်းတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်အဖွဲ့ဝင် ဝန်ကြီးများ၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးကျင်ဖေ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မော်လမြိုင်အခြေစိုက် မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ NLD၊ ပြည်ခိုင်ဖြိုး၊ တစညပါတီကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံများ စုစုပေါင်းအင်အားတစ်ထောင်ကျော် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

    ရေးမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက “ကျနော်တို့ပါတီရဲ့ တာဝန်ပေးချက်အရ ပျူစာတမ်းဖတ်ပွဲအကြောင်းကို မွန်တို့ကန့်ကွက်တာကိုတင်ပြခဲ့တယ်၊ အဲဒါကို ဦးရွှေမန်းနိဂုံးချုပ်မိန့်ခွန်းမှာ မကြာမီရန်ကုန်မြို့မှာ ကျင်းပတော့မယ့် ပျူလူမျိုးနှင့်ပျူစာတမ်းဖတ်ပွဲကိစ္စကို ပိတ်ပေးမယ်လို့ပြောတဲ့အခါမှာ တက်ရောက်လာသူအားလုံး တခဲနက်ထောက်ခံကြတာ လက်ခုတ်သံတွေက ခန်းမကနေလျှံထွက်သွားတာပဲ” ပြောသည်။

    ၄င်းပျူလူမျိုးနှင့်ပျူစာတမ်းဖတ်ပွဲကိစ္စသည် ခိုင်မာလျှက်ရှိသောမွန်သမိုင်းအကြောင်းအရာများ ထင်ယောင်ထင်မှားဖြစ်သွားစေရန် လုပ်ဆောင်ချက်များဟု မွန်စကားမပြောတတ်သော မွန်တိုင်းရင်းသားတို့များစွာတို့ကလည်း ယူဆနေကြကြောင်း သူကဆက်ပြောသည်။

    ဒေါက်တာဗညားအောင်မိုးက “ချစ်စံဝင်တို့အုပ်စု လုပ်ကြံရေးသားခဲ့ချက်တွေမှာ ဥပမာနဲ့ပြောရရင် ဟံသာဝတီပျူ၊ သထုံပျူ၊ မော်လမြိုင်ပျူ၊ မုတ္တမပျူ၊ ရေးမြို့ပျူ၊ ဘိတ်ပျူ၊ ထားဝယ်ပျူ ဆိုပြီး တစ်နိုင်ငံလုံးပျူအားလုံးဆိုပဲဆိုတာကိုလည်း လွှတ်တော်ဥက္ကဌကို ကျနော်တင်ပြခဲ့တယ်” ဟု ပြောသည်။

    လာမည့် နိုဝင်ဘာ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၌ကျင်းပမည့် ပျူလူမျိုးနှင့်ပျူစာတမ်းဖတ်ပွဲကိစ္စသည် ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ ပုဒ်မ ၃၆၄-၃၆၅ နှင့်ငြိစွမ်းနိုင်သော်လည်း မည်ကဲ့သို့ ပြစ်ဒဏ်များ ချမှတ်အရေးယူဆောင်ရွက်သွားမည့်ဥပဒေပြဌာန်းချက်များ မရှိသေးပေ။

    ယင်းစာတမ်းဖတ်ပွဲ ပါဝင်ဖတ်ကြားကြမည့် ပညာရှင်များ၊ ပါမောက္ခများ၊ စာတမ်းရှင်များတွင် အစိုးရဌာနအသီးသီးတွင်တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများပါဝင်နေသဖြင့် ယင်းအခင်းအကျင်းတွင် အစိုးရ၏လုပ်ဆောင်ချက် ဖြစ်နိုင်/ မဖြစ်နိုင်ဟု ဒေါက်တာဗညားအောင်မိုး၏ တင်ပြချက်တွင် မေးခွန်းတစ်ရပ်မေးမြန်းခဲ့သည်ဟု ဆိုသည်။

    မွန်ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက “ ဦးရွှေမန်းရဲ့ပြောကြားချက်အတိုင်း ဖြစ်လာမလာ ဒီပျူစာတမ်းဖတ်ပွဲကို ကျနော်တို့ အနီးကပ်စောင့်ကြည့်နေတယ်၊ တကယ်လို့ သပိတ်မှောက်ဖြစ်တဲ့အခါ ဘယ်သူတွေဦးဆောင်သွားရမလဲဆိုတာကိုလည်း မွန်သုတေသနအဖွဲ့က ရွေးချယ်ဖွဲ့စည်းထားပြီးပြီ” ဟု ပြောသည်။

    အထင်ကရမွန်သံဃာတော်များ၊ သမိုင်းပညာရှင်များ၊ စာပေပညာရှင်များ၊ မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီနှင့် မွန်စာပေနှင့်ယဉ်ကျေးမှုလှုပ်ရှားသူ ၃၇ ပါ မွန်သမိုင်းသုတေသနအဖွဲ့ကို ပြီးခဲ့သည့်အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

    မွန်သုတေသနအသင်းကလည်း နိုင်ငံတော်သမ္မတ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ဦးစီးကျင်းပသူ ဦးစံဝင်းထံသို့ ပျူလူမျိုးနှင့်ပျူစာတမ်းဖတ်ပွဲအား လုံးဝကန့်ကွက်စာများ ပေးပို့ခဲ့ပြီး ဖြစ်သည်။

    သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော်အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးများအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဖားအံမြို့နှင့် မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ တွေ့ဆုံရှင်းလင်းပွဲပြုလုပ်ခဲ့သည်ဟု မြဝတီသတင်းစာတွင် ရေးသားဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks