Sunday, March 29, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် လူငယ်ဖိုရမ်ကျင်းပတော့မည်

    မွန်ပြည်နယ်တွင် လူငယ်ဖိုရမ်ကျင်းပတော့မည်

    -

    မင်းသုတ – မွန်ပြည်နယ် ဆယ်မြို့နယ်မှ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးကြမည့် လူငယ်ဖိုရမ်တစ်ရပ်ကို မကြာမီကျင်းပတော့မည်ဟု အခမ်းအနားဦးဆောင်သူက ပြောသည်။

    Mon Youth Forum ဒုတိယအကြိမ်မြောက်နှီးနှောဖလှယ်ပွဲ(MYF)
    လာမည့် နိုဝင်ဘာလ ၂၉-၃၀ ရက်နေ့တွင် ကျင်းပမည့် လူငယ်ဖိုရမ်ကို မော်လမြိုင်မြို့ရှိ Holy Family Church မွန်မြတ်သောအိမ်ထောင်စု ဘုရားရှိခိုးကျောင်း၌ ကျင်းပမည်ဟု မွန်ပြည်နယ်၊ ပွင့်လင်းကွန်ယက်အဖွဲ့ ပြန်ကြားရေးနှင့်ဆက်သွယ်ရေးတာဝန်ခံ ကိုကြည်ဇော်လွင်က ပြောသည်။

    ၄င်းက “ဒီဖိုရမ်ကနေ ရလာဒ် ၃ ခုကိုကျနော်တို့မျှော်မှန်းထားပါတယ်၊ နံပါတ်တစ်က မွန်ပြည်နယ်လုံးဆိုင်ရာ လူငယ်ကွန်ယက်တစ်ခုဖြစ်လာဖို့၊ နောက်တစ်ခုကတော့ နယ်ပယ်ဒေသအသီးသီးက လူငယ်တွေခံစားနေရတဲ့ အတားအဆီး၊ ပြဿနာတွေနဲ့ အနာဂတ်စိန်ခေါ်မှုတွေကို တစ်နိုင်ငံလုံးသိရှိအောင် ဖေါ်ထုတ်နိုင်ဖို့ရယ်၊ ပြီးတော့ တစ်နိုင်ငံလုံးဆိုင်ရာအဆင့် လူငယ်ဖိုရမ်တက်ရောက်ကြမယ့် လူငယ်ကိုယ်စားလှယ်တွေကို ဒီဖိုရမ်ကနေ ရွေးချယ်သွားမယ်” ဟု ပြောသည်။

    ယခုကျင်းပမည့်လူငယ်ဖိုရမ်တွင် မွန်လူငယ်အဖွဲ့အစည်းများပါဝင်သည့် Mon Youth Forum အဖွဲ့ဝင် ၁၂ ဖွဲ့ခန့်ပါဝင်ပြီး တစ်ဖွဲ့ကို လူငယ်အင်အား ၁၀ ဦးဖြင့် စုစုပေါင်းမွန်ပြည်နယ်မှလူငယ်အင်အား ၁၅၀ မှ ၂၀ဝ ဦးခန့် တက်ရောက်လိမ့်မည်ဟု ခန့်မှန်းထားသည်။

    မွန်ပြည်နယ်လူငယ်ဖိုရမ်တွင် ပညာရေး၊ ကျန်းမာရေး၊ တိုင်းရင်းသားရေးရာ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လူငယ်နဲ့နည်းပညာ၊ လူငယ်နဲ့မီဒီယာ၊ လူငယ်များနှင့်ပတ်သက်သော ကဏ္ဍများ (၁၁) ခုအား ဆွေးနွေးသွားမည်ဟု သိရသည်။

    အလားတူ ဒေသအလိုက် ရခိုင်လူငယ်ဖိုရမ်အား စစ်တွေမြို့၌ နိုဝင်ဘာ ၂၁ ရက်နေ့တွင်ကျင်းပခဲ့ပြီး ရန်ကုန်မြို့၌ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် ကျင်းပမည်ဟုလည်း သိရသည်။

    ထို့အပြင် ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူငယ်ဖိုရမ်အား လာမည့်ဒီဇင်ဘာ ပထမအပတ်တွင် ကျင်းပမည်ဟု ဦးဆောင်ကျင်းပသူ ရခိုင်လူငယ်တစ်ဦးက ပြောသည်။
    ကိုကြည်ဇော်လွင်က “လာမယ့် ၂၀၁၄ ကျရင် ကျနော်တို့နိုင်ငံက အာစီယံဥက္ကဌတာဝန်ယူတဲ့အခါ အာစီယံလူငယ်များအစည်းအဝေး ဆိုတာတွေဖြစ်လာမယ်၊ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ဒီဇင်ဘာလမှာ မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်ဖိုရမ် Myanmar Youth Forum တစ်ခုလုပ်ဖို့ အစီအစဉ်ဆွဲထားတယ်” ဟု ဆက်ပြောသည်။

    လာမည့်ဒီဇင်ဘာလ မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်ဖိုရမ်သည် တိုင်းနှင့်ပြည်နယ်များအလိုက် လူငယ်ဖိုရမ်များမှ ရွေးချယ်သောကိုယ်စားလှယ်များဖြင့် ကျင်းပသွားရန်စီစဉ်ထားသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks